ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ယမန်နေ့က ရှော့တိုက်ဒုံးအချို့ သိမ်းဆည်းရမိခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ယမန်နေ့ နံနက် ၇ နာရီခန့်က ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ် (၄၁) တိုးချဲ့ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းအဆုံး၊ ငမိုးရိပ်ချောင်းဘေးရှိ ခြံကွက်လပ်အတွင်း၌ ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံးသုံးလုံးကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
“ လူမနေတဲ့ခြံကွက်ထဲမှာ ရှော့တိုက်ဒုံးသုံးလုံးကို 12 ဗို့ဘတ္ထရီသုံးလုံးနဲ့ ချိတ်ဆက်ထားပြီးတော့ စားပွဲတင်နာရီသုံးလုံးနဲ့ အချိန်ကိုက်ပြုလုပ်ထားတာကို တွေ့ရပါတယ်။ အနောက်တောင်ဘက်ကို ချိန်ထားတာတွေ့လို့ သိမ်းဆည်းခဲ့ပါတယ်။” ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

အဆိုပါရှော့တိုက်ဒုံးသုံးလုံးအား မရမ်းကုန်းမြို့နယ်နှင့် မင်္ဂလာဒုံမြို့နယ်တို့ဘက်သို့ ပစ်ခတ်ရန် ချိန်ရွယ်ထားလျက်တွေ့ရ၍ အသက်မဲ့ပြုလုပ်ကာ သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ရှော့တိုက်ဒုံးများအား မည်သည့်အဖွဲ့က ပစ်ခတ်ရန်ချိန်ရွယ်ထားသည်ကို မသိရကြောင်း မြောက်ဒဂုံမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂ ရက်က ပဲခူးမြို့တွင် ရှော့တိုက်ဒုံး ၁၀ လုံးကို သယ်ဆောင်လာသူခြောက်ဦးအား ဖမ်းမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ယမန်နှစ်အတွင်းက ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်နှင့် မန္တလေးတိုင်း၊ တံတားဦးမြို့နယ်တို့၌ ပစ်ခတ်ရန်ချိန်ရွယ်ထားသည့် ၁၀၇ မမ ရှော့တိုက်ဒုံးများအား သိမ်းဆည်းရမိခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ဓာတ်ပုံ – စီဂျေ
မြောက်ဒဂုံ၌ ရှော့တိုက်ဒုံးအချို့အား သိမ်းဆည်းရမိ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်