ဆိုလ်း၊ ဇွန် ၃
မြောက်ကိုရီးယားနိုင်ငံနှင့်အပြန်အလှန်အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနှင့်ချုပ်ဆိုထားသော စစ်ရေးသဘောတူညီမှုစာချုပ်ကို ဆိုင်းငံ့လိုက်ကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံသည် တောင်ကိုရီးယားနိုင်ငံက နယ်စပ်ဒေသတွင်ပြုလုပ်နေသော ဝါဒဖြန့်ချီရေးဆိုင်ရာလုပ်ရပ်များကို မကျေနပ်သည့်အတွက် ပြီးခဲ့သောရက်ပိုင်းက အညစ် ကြေးများနှင့် အမှိုက်များထည့်ထားသာအိတ်များကို မိုးပျံပူဖောင်းတွင်ချိတ်ဆွဲပြီး တောင်ကိုရီးယားနိုင်ငံဘက်ခြမ်းသို့ လွှတ်တင်ခဲ့ကြောင်း၊ မြောက်ကိုရီးယားက နယ်စပ်ဒေသမှ တောင်ကိုရီးယားနိုင်ငံဘက်ခြမ်းသို့ စွန့်ပစ်ပစ္စည်းများချိတ်ဆွဲထားသည့် မိုးပျံပူပေါင်းအလုံးရေ ၆၀၀ ကျော်လွှတ်တင်ခဲ့ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြား အငြင်းပွားမှုများဖြစ်လာခဲ့ရာ တောင်ကိုရီးယားက မြောက်ကိုရီးယားနိုင်ငံနှင့် ၂၀၁၈ ခုနှစ်တွင်ချုပ်ဆိုထားသော စစ်ရေးသဘောတူညီမှုစာချုပ်ကို ဆိုင်းငံ့လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားအမျိုးသားလုံခြုံရေးကောင်စီက မြောက်ကိုရီးယားနိုင်ငံနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တွေကို ဆိုင်းငံ့ရန် အစိုးရအဖွဲ့ခွင့်ပြုချက်ကိုစောင့်ဆိုင်းနေကြောင်း၊ မြောက်ကိုရီးယားနိုင်ငံ၏ ရန်စမှုများကိုတုံ့ပြန်ရန် အစီမံများချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။
မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် နှစ်နိုင်ငံကြားတင်းမာမှုများကို လျော့ချနိုင်ရန်ရည်ရွယ်ချက်ဖြင့် ၂၀၁၈ ခုနှစ်တွင် စစ်ရေးသဘောတူညီမှုစာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း သိရသည်။
အဆိုပါစာချုပ်ကို လက်ရှိအချိန်တွင် ဆိုင်းငံ့လိုက်ခြင်းကြောင့် တောင်ကိုရီးယားသည် နယ်စပ်ဒေသတွင် စစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်ခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် ပြီးခဲ့သောနှစ်ပိုင်းတည်းက ဒုံးကျည်စမ်းသပ်မှုများ၊ စစ်ရေးလေ့ကျင့်မှုများနှင့်ပတ်သက်ပြီး တင်းမာမှုများဖြစ်ပွားနေခဲ့ကြောင်းသိရသည်။
ကောင်းထက်ငွေ
japantimes.co.jp/news
မြောက်ကိုရီးယား၏လုပ်ရပ်ကို လက်တုံ့ပြန်မှုအဖြစ် စစ်ရေးသဘောတူညီမှုစာချုပ်ကို ဆိုင်းငံ့လိုက်ကြောင်း တောင်ကိုရီးယားအစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်