ဆိုးလ်၊ ဧပြီ ၁၂
ကိုရီးယားကျွန်းဆွယ်အတွင်း မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများမြင့်တက်လာနေခြင်းကြောင့် တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့ပူးပေါင်းပြီး ရေတပ်စစ်ရေးလေ့ ကျင့်ခန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါသုံးနိုင်ငံ စစ်ရေးလေ့ကျင့်ခန်းအတွင်း အမေရိကန်စစ်တပ်၏ လေယာဉ်တင်သင်္ဘောလည်း ပါဝင်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်ကပြောသည်။
မြောက်ကိုရီးယားသည် ပြီးခဲ့သောသီတင်းပတ်အတွင်း အသံထက်မြန်သော ဒုံးကျည်စမ်းသပ်မှုအပါအဝင် လက်နက်အစီအစဉ် ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အရှိန်မြင့်ကြိုးပမ်းလာခဲ့သလို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ကိုယ်တိုင်က လက်ရှိအချိန်သည် စစ်ပွဲအတွက် ပြင်ဆင်မှုများကို ယခင်ထက်ပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
တောင်ကိုရီးယားစစ်တပ်က “ စစ်ရေးလေ့ကျင့်ခန်းအစီအစဉ်အတွင်း ရေငုပ်သင်္ဘောဖျက်ဆီးရေး လေ့ကျင့်ခန်း၊ ရေငုပ်သင်္ဘောကနေ ဒုံးကျည်ပစ်ခတ်မှုနဲ့ ရေအောက်ဖျက်ဆီးရေးလုပ်ငန်းတွေကို အဓိကထားလုပ်ဆောင်ခဲ့တယ်။” ဟု ပြောသည်။
နှစ်ရက်ကြာပြုလုပ်သော သုံးနိုင်ငံပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းအစီအစဉ်အတွင်း တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ စစ်သင်္ဘောများအပြင် အမေရိကန်၏ Theodore Roosevelt အမည်ရှိ လေယာဉ်တင်သင်္ဘော၊ ဟိုးဝက်ဒ်အမည်ရှိ ဖျက်သင်္ဘော၊ ရူဆယ်လ်အမည်ရှိ ဖျက်သင်္ဘောနှင့် Daniel Inouye အမည်ရှိ စစ်သင်္ဘောများ ပူးပေါင်းပါဝင်ခဲ့သည်။
အဆိုပါစစ်ရေးလေ့ကျင့်ခန်းသည် မြောက်ကိုရီးယားနိုင်ငံ၏ ခြိမ်းခြောက်မှုများကို သုံးနိုင်ငံပူးပေါင်းတုံ့ပြန်ရန် ရည်ရွယ်ခြင်းမျိုးဖြစ်ကြောင်း သိရသည်။
မြောက်ကိုရီးယားသည် တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့ ပူးပေါင်းပြုလုပ်သော စစ်ရေးလေ့ကျင့်ခန်းကို ဝေဖန်ပြစ်တင်ထားပြီး ၎င်းတို့နိုင်ငံအပေါ် စစ်ရေးနည်းလမ်းသုံးရန် ရည်ရွယ်လေ့ကျင့်ခြင်းဖြစ်ကြောင်း မကြာခဏဝေန်ပြစ်တင်ခဲ့ဖူးသည်။
စစ်ရေးလေ့ကျင့်ခန်းအတွင်း မြောက်ကိုရီးယား၏ ဖျက်အားပြင်းလက်နက်များ တရားမဝင်တင်ပို့မှုများကို တားဆီးရန်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုအရှိန်မြင့်လုပ်ဆောင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်းမျိုးဖြစ်သည်ဟု တောင်ကိုရီးယားရေတပ်က သတင်းထုတ်ပြန်ထားသည်။
ကောင်းထက်ငွေ
channelnewsasia.com/asia
မြောက်ကိုရီးယား၏ခြိမ်းခြောက်မှုကိုတုံ့ပြန်ရန် တောင်ကိုရီးယား၊ ဂျပန်၊ အမေရိကန်တို့ သုံးနိုင်ငံစစ်ရေးလေ့ကျင့် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်