မြောက်ကိုရီးယားသို့သွားမည့် ရုရှားသမ္မတပူတင်၏ခရီးစဉ်ကို တောင်ကိုရီးယားနှင့် အမေရိကန်အစိုးရ ဝေဖန်

ဝါရှင်တန်၊ ဇွန် ၁၅

နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်နိုင်ရန် မြောက်ကိုရီးယားနိုင်ငံသို့ ရုရှားသမ္မတ ပူတင် သွားရောက်မည့်ခရီးစဉ်သည် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားနှင့် အမေရိကန်စစ်ဘက်တာဝန်ရှိသူများက သတိပေးပြောဆိုလိုက်သည်။

ပူတင်သည် မြောက်ကိုရီးယားနိုင်ငံသို့သွားရောက်မည်ဟု ပြီးခဲ့သောရက်ပိုင်းတွင် သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဖုန်းဆက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားသို့ သွားရောက်မည့် သမ္မတပူတင်ခရီးစဉ်က စစ်ရေးရည်ရွယ်ချက်မှလွဲပြီး အခြားရည်ရွယ်ချက်မရှိကြောင်း တောင်ကိုရီးယားအစိုးရက ပြောသည်။

သမ္မတပူတင်၏ခရီးစဉ်သည် ဒေသအတွင်းနိုင်ငံများကြား စိန်ခေါ်မှုများ၊ မတည်ငြိမ်မှုများ ပိုမိုဖြစ်လာဖွယ်ရှိနေကြောင်း၊ တောင်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကမ်းဘဲလ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့က “ တောင်ကိုရီးယားနိုင်ငံအပေါ် မြောက်ကိုရီးယားနိုင်ငံက ရန်စမယ်ဆို ရင် ပူးပေါင်းတုံ့ပြန်မယ်။ အခြေနေတွေကို အနီးကပ်စောင့်ကြည့်မယ်။” ဟု ပြောသည်။

ရုရှားသမ္မတပူတင်သည် လာမည့်သီတင်းပတ်များအတွင်း မြောက်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံတို့ကို ချစ်ကြည်ရေးခရီးသွားရောက်မည်ဟု ပြီးခဲ့သောရက်ပိုင်းက သတင်းထွက်ပေါ်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံသည် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးနေသောနိုင်ငံဖြစ်သလို ရုရှားကလည်း မြောက်ကိုရီးယားနိုင်ငံကို နည်းပညာပိုင်းအကူညီများပေးနေကြောင်း သိရသည်။

ကောင်းထက်ငွေ

reuters.com

မြောက်ကိုရီးယားသို့သွားမည့် ရုရှားသမ္မတပူတင်၏ခရီးစဉ်ကို တောင်ကိုရီးယားနှင့် အမေရိကန်အစိုးရ ဝေဖန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.