မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများအတွက် ရုရှားသံအမတ်ကြီးကို တောင်ကိုရီးယားအစိုးရ ခေါ်ယူသတိပေး

ဆိုးလ်၊ ဇွန် ၂၂

တောင်ကိုရီးယားအစိုးရသည် မြောက်ကိုရီးယားနိုင်ငံနှင့် ကာကွယ်ရေးစာချုပ် ချုပ်ဆိုခဲ့ခြင်းနှင့်ပတ်သက်ပြီး ရုရှားနိုင်ငံဆိုင်ရာသံအမတ်ကြီးကို ဆင့်ခေါ်သတိပေးခဲ့ကြောင်း သိရ သည်။

ရုရှားသမ္မတ ပူတင်သည် ပြီးခဲ့သောရက်ပိုင်းက မြောက်ကိုရီးယားနိုင်ငံကို သွားရောက်ခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံနှင့် ရုရှားနိုင်ငံကြား မဟာဗျူဟာမြောက် ကာကွယ်ရေးစာချုပ်ချုပ်ဆိုခဲ့ရာ တစ်နိုင်ငံစစ်တိုက်ခိုက်ခံရမည်ဆိုလျှင် အခြားတစ်နိုင်ငံက စစ်ရေးအကူညီပေးမည်ဆိုသောအချက်များ ပါဝင်ခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားနိုင်ငံကြား တင်းမာမှုများဖြစ်ပွားနေချိန်တွင် မြောက်ကိုရီးယားနိုင်ငံက ရုရှားနှင့်ကာကွယ်ရေးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားအစိုးရက ရုရှားသံ့အမတ်ကြီးကို ခေါ်ယူတွေ့ဆုံပြီး မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ရန်တောင်းဆိုခဲ့ကြောင်း သိရ သည်။

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် လက်ရှိအချိန်တွင် တင်းမာမှုများဖြစ်ပွားနေပြီး မြောက်ကိုရီးယားနိုင်ငံက တောင်ကိုရီးယားနိုင်ငံဘက်ခြမ်းကို စွန့်ပစ်ပစ္စည်းများ ပါဝင်သော မိုးပျံပူဖောင်းများ ပစ်လွှတ်ခြင်းများလည်းရှိနေသည်။

တောင်ကိုရီးယားကလည်း နယ်စပ်ဒေသကိုဖြတ်ကျော် ဝင်ရောက်လာသော မြောက်ကိုရီးယားစစ်သားများကို သတိပေးပစ်ခတ်ခြင်းများလည်းရှိနေကြောင်း သိရသည်။

တောင်ကိုရီးယားအစိုးရက မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုများသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ထားသည်။

မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်မှုများကြောင့် တောင်ကိုရီးယားနှင့် ရုရှားနိုင်ငံကြား ဆက်ဆံရေးထိခိုက်ဖွယ်ရှိနေကြောင်း တောင်ကိုရီးယားအစိုးရက သတိပေးထားသည်။

ကောင်းထက်ငွေ

nationthailand.com

မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများအတွက် ရုရှားသံအမတ်ကြီးကို တောင်ကိုရီးယားအစိုးရ ခေါ်ယူသတိပေး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.