ဆိုးလ်၊ ဇွန် ၂၄
မြောက်ကိုရီးယားနိုင်ငံနှင့် တင်းမာမှုများရှိနေချိန်တွင် အမေရိကန်စစ်တပ်၏ နျူကလီယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီးသည် တောင်ကိုရီးယားနိုင်ငံသို့ ဇွန်လ ၂၂ ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံအပေါ် အင်အားပြသခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံ၏ စစ်ရေးခြိမ်းခြောက်မှုများကို တုံ့ပြန်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ဂျပန်၊ အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတို့ ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများ လုပ်ဆောင်သွားမည်ဖြစ်ရာ တောင်ကိုရီးယားအစိုးရသည် မြောက်ကိုရီးယားနှင့် ရုရှားနိုင်ငံကြား ကာကွယ်ရေးစာချုပ် လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရုရှားသံအမတ်ကြီးကို ခေါ်ယူတွေ့ဆုံသတိပေးခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့သတိပေးပြီး နောက်တစ်ရက်အကြာတွင်အမေရိကန်စစ်တပ်၏ လေယာဉ်တင်သင်္ဘောကြီး USS Theodore Rooseve သည် ဘူဆန်မြို့ကိုရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားအစိုးရက ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံကြား ချုပ်ဆိုခဲ့သောစာချုပ်သည် တောင်ကိုရီးယားနိုင်ငံ၏လုံခြုံရေးကို ခြိမ်းခြောက်ခြင်းဖြစ်ပြီး ယင်းစာချုပ်ကြောင့် ရုရှားနှင့် စစ်ပွဲဖြစ်ပွားနေသည့်ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံပေးရန် စဉ်းစားရဖွယ်ရှိနေကြောင်း သတိပေးခဲ့သည်။
အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည် Freedom Edge အမည်ရှိ စစ်ရေးလေ့ကျင့်ခန်းကို စတင်လုပ်ဆောင်မည်ဟု ဇွန်လအစောပိုင်းက ပြောဆိုခဲ့ကြောင်း သိရသည်။
အဆိုပါ သုံးနိုင်ငံစစ်ရေးလေ့ကျင့်ခန်းကို ဇွန်လအတွင်း စတင်ပြုလုပ်မည်ဟု ပြောဆိုခဲ့သော်လည်း အသေးစိတ်အခြေနေများကို ထုတ်ဖော်ပြောဆိုခြင်းမရှိကြောင်း သိရသည်။
ရုရှားနှင့် မြောက်ကိုရီးယားနိုင်ငံကြား အပြန်အလှန်စစ်ရေးကူညီပေးမည့် စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်လာနေခဲ့ကြောင်း သိရသည်
ကောင်းထက်ငွေ
apnews.com
မြောက်ကိုရီးယားနှင့် ဆက်ဆံရေးတင်းမာနေချိန်တွင် အမေရိကန်လေယာဉ်တင်သင်္ဘော တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်