မြောက်ကိုရီးယားနိုင်ငံ၏ အသံထက်မြန်သောဒုံးကျည်စမ်းသပ်မှု အောင်မြင်မှုမရဟု တောင်ကိုရီးယားစစ်တပ် ဆို

ဆိုးလ်၊ ဇွန် ၂၆

တင်းမာမှုများမြင့်တက်နေချိန်တွင် မြောက်ကိုရီးယားနိုင်ငံသည် ဇွန်လ ၂၆ ရက်နေ့က အသံထက်မြန်သောဒုံးကျည် စမ်းသပ်ခဲ့သော်လည်း အောင်မြင်မှုမရခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က သတင်းထုတ်ပြန်လိုက်သည်။

တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက မြောက်ကိုရီးယားနိုင်ငံမှစမ်းသပ်ခဲ့သော အသံထက်မြန်သောဒုံးကျည်သည် လေထဲတွင်ပေါက်ကွဲသွားခဲ့ကြောင်း ပြောသည်။

မြောက်ကိုရီးယားနိုင်ငံသည် နယ်စပ်ဒေသတွင်ပြုလုပ်နေသော တောင်ကိုရီးယားနိုင်ငံ၏ ဝါဒဖြန့်ချီရေးကို လက်တုံ့ပြန်မှုအဖြစ် စွန့်ပစ်ပစ္စည်းများချိတ်ဆွဲထားသော မိုးပျံပူဖောင်းများကို တောင်ကိုရီးယားနိုင်ငံဘက်ခြမ်းသို့ ပစ်လွှတ်ခဲ့ပြီးနောက် မကြာမီ အသံထက်မြန်သောဒုံးကျည် စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ကိုရီးယားသည် အသံထက်မြန်သောဒုံးကျည်ကို ပြုံးယမ်းမြို့ပတ်ဝန်းကျင်တွင် ဒုံးကျည်စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒုံးကျည်သည် အကွာအဝေး ၂၅၀ ကီလိုမီတာကို ပျံသန်းခဲ့ပြီးနောက် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံကလည်း မြောက်ကိုရီးယားနိုင်ငံသည် အသံထက်မြန်သောဒုံးကျည် စမ်းသပ်ခဲ့ခြင်းကို အတည်ပြုပြောဆိုခဲ့သည်။

အဆိုပါ ဒုံးကျည်သည် ဂျပန်ပင်လယ်အတွင်း ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း ဂျပန်အစိုးရက သတင်းထုတ်ပြန်ထားသည်။

ဂျပန်အစိုးရက မြောက်ကိုရီးယားနိုင်ငံမှ ပစ်ခတ်လိုက်သော ဒုံးကျည်ပျက်ကျချိန်တွင် ပင်လယ်ပြင်အတွင်းရှိ သင်္ဘောများအပေါ်ကိုကျလာမည်ကို ဂရုစိုက်သတိထားခဲ့ရကြောင်း ပြောသည်။

မြောက်ကိုရီးယားနိုင်ငံနှင့် ရုရှားနိုင်ငံကြား အပြန်လှန်စစ်ရေးအကူညီပေးမည့် စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် မြောက်ကိုရီးယားနိုင်ငံက အသံထက်မြန်သော ဒုံးကျည်ကိုစမ်းသပ်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံ၏ ဒုံးကျည်စမ်းသပ်မှုများကြောင့် ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုများမြင့်တက်လာခဲ့သော်လည်း မြောက်ကိုရီးယားက စစ်လက်နက်ပစ္စည်းများ စမ်း သပ်ခြင်းကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

channelnewsasia.com

မြောက်ကိုရီးယားနိုင်ငံ၏ အသံထက်မြန်သောဒုံးကျည်စမ်းသပ်မှု အောင်မြင်မှုမရဟု တောင်ကိုရီးယားစစ်တပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.