မော်စကို၊ စက်တင်ဘာ ၁၂
စစ်လက်နက်ပစ္စည်းများ ရောင်းချခြင်း မလုပ်ဆောင်ရန် အမေရိကန်အစိုးရက သတိပေးမှုများရှိနေချိန်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်သည် စက်တင်ဘာ ၁၂ ရက်နေ့တွင် ရုရှားနိုင်ငံသို့ ရုတ်တရက်ရောက်ရှိလာခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်သည် ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားဖွယ်ရှိနေကြောင်း သိရသည်။
မြောက်ကိုရီးယားခေါင်းဆောင်သည် ရုရှားနိုင်ငံသို့ ကိုယ်ပိုင်ရထားဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ မြောက်ကိုရီးယား စစ်ဘက်အရာရှိကြီးများ လိုက်ပါသွားခဲ့ကြောင်း သိရသည်။
ကင်ဂျုံအမ်သည် ကမ္ဘာတဝှမ်းရှိ ခေါင်းဆောင်များထဲတွင် ပြည်ပနိုင်ငံများသို့ ချစ်ကြည်ရေးခရီး သွားရောက်သောအလေ့ထ နည်းပါးသူဖြစ်ကြောင်း သိရသည်။
ကင်ဂျုံအမ်သည် မြောက်ကိုရီးယားခေါင်းဆောင်အဖြစ် တာဝန်ယူပြီးနောက် ၁၂ နှစ်အတွင်း ပြည်ပနိုင်ငံသို့ ချစ်ကြည်ရေးခရီး ၇ ကြိမ်သာ သွားရောက်ခဲ့ဖူးကြောင်း သိရသည်။
မြောက်ကိုရီးယားနိုင်ငံသည် အမေရိကန်၊ တောင်ကိုရီးယားနိုင်ငံတို့နှင့် လက်ရှိအချိန်တွင် တင်းမာနေသလို ရုရှားနိုင်ငံကလည်း ယူကရိန်းနှင့် စစ်ပွဲဖြစ်ပွားလျက်ရှိနေကြောင်း သိ ရသည်။
ရုရှားအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒီမီထရီပက်ကောဗ့်က “ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့နဲ့ ရုရှားအစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးမယ်။ လိုအပ်လာမယ် ဆိုရင် မြောက်ကိုရီးယားခေါင်းဆောင်နဲ့ ရုရှားသမ္မတတို့ တစ်ဦးချင်း သီးသန့်တွေ့ဆုံဆွေးနွေးသွားဖွယ် ရှိနေပါတယ်။” ဟု ပြောသည်။
မြောက်ကိုရီးယားနိုင်ငံကို လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးရေးနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားသော ဆုံးဖြတ်ချက်များကို ဆွေးနွေးဖွယ်ရှိနေကြောင်း ၎င်း ကပြောသည်။
အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးကတော့ မြောက်ကိုရီးယားနှင့် ရုရှားအစိုးရ တာဝန်ရှိသူများကြား တွေ့ဆုံဆွေးနွေးချိန်အတွင်း ယူကရိန်းစစ်ပွဲနှင့် ပတ်သက်ပြီး မြောက်ကိုရီး ယားကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးရန် အဓိကထား ဆွေးနွေးဖွယ်ရှိနေသည်ဟု ပြောသည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်နှင့် ရုရှားသမ္မတတို့ မည့်သည့်နေရာတွင် တွေ့ဆုံဆွေးနွေးမည် ဆိုသည့်အချက်ကို နှစ်ဖက်စလုံးက သတင်းထုတ်ပြန်ထားခြင်းမရှိ ကြောင်း သိရသည်။
ကောင်းထက်ငွေ
မြောက်ကိုရီးယားခေါင်းဆောင်နှင့် ရုရှားသမ္မတပူတင်တို့ တွေ့ဆုံဆွေးနွေးမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်