ဆိုးလ်၊ ဖေဖော်ဝါရီ ၂၇
မြောက်ကိုရီးယားနိုင်ငံသည် ယူကရိန်းနှင့် ရုရှားတို့စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း ရုရှားကိုအားပေးထောက်ခံကြောင်းပြသရန်အတွက် ပြီးခဲ့သောနှစ် ဇူလိုင်လနောက်ပိုင်းတည်းက ရုရှားနိုင်ငံသို့ ကျည်ဆံသန်းနှင့်ချီ ပေးပို့ကူညီခဲ့ကြောင်း တောင်ကိုရီးယားအစိုးရက ပြောသည်။
တောင်ကိုရီးယားဝန်ကြီးတစ်ဦးဖြစ်သော ရှင်ဝင်ဆစ်က မြောက်ကိုရီးယားသည် ကျည်ဆံများထည့်ထားသည့် ကွန်တိန်နာပေါင်း ၆၇၀၀ ကျော်ကို ရုရှားနိုင်ငံသို့ ပေးပို့ခဲ့ကြောင်း၊ အဆိုပါကွန်တိန်နာများထဲတွင်၁၅၂ မမ အမြှောက်ကျည်ဆံ ၃သန်း၊ ၁၂၂ မမ အမြှောက်ကျည်ဆံ ၅ သိန်းပါဝင်ခဲ့ကြောင်း ဆိုသည်။
တောင်ကိုရီးယားဝန်ကြီးက “ မြောက်ကိုရီးယားဟာ ရုရှားကို အမြှောက်ကျည်ဆံပေါင်း သန်းနဲ့ချီပြီး ပေးပို့ခဲ့တယ်။ မြောက်ကိုရီးယားနိုင်ငံရှိ အမြှောက်ကျည်ဆံထုတ်လုပ်တဲ့ စက်ရုံပေါင်းရာချီရဲ့ ထုတ်လုပ်မှု ၃၀ ရာခိုင်နှုန်း လျော့နည်းကျဆင်းလာခဲ့တယ်။ ကုန်ကြမ်းနဲ့ လျှပ်စစ်မီးအခက်ခဲတွေကြောင့် လျော့နည်းခဲ့တယ်။ ဒါပေမယ့် မြောက်ကိုရီးယားလက်နက်စက်ရုံတွေဟာ ရုရှားနိုင်ငံကိုကူညီပေးဖို့ အမြှောက်ကျည်ဆံတွေကိုတော့ အပြည့်အဝထုတ်လုပ်ခဲ့တယ်။” ဟု ပြောသည်။
တောင်ကိုရီးယားနှင့်အမေရိကန်အစိုးရတို့က မြောက်ကိုရီးယားသည် ရုရှားကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း စွပ်စွဲဝေဖန်ထားသော်လည်း မြောက်ကိုရီးယားနှင့် ရုရှားတို့က ငြင်းဆန်ထားသည်။
အမေရိကန်အစိုးရကလည်း မြောက်ကိုရီးယားသည် ပြီးခဲ့သောနှစ် စက်တင်ဘာလတည်းက ရုရှားနိုင်ငံကို လက်နက်နှင့်ပတ်သက်သော ကုန်ကြမ်း သို့မဟုတ် ကျည်ဆံများထည့်ထားသည့် ကွန်တိန်နာပေါင်း ၁၀,၀၀၀ ကျော်ပေးပို့ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယားသည် အပြန်အလှန်အနေဖြင့် ရုရှားနိုင်ငံထံမှ အစားစာများပါဝင်သော ကွန်တိန်နာပေါင်း ၉၀၀၀ ကျော် ပြန်လည်လက်ခံရရှိခဲ့ကြောင်း တောင်ကိုရီးယားအစိုးရက ပြောသည်။
ရုရှားနှင့် ယူကရိန်းကြားဖြစ်ပွားနေသည့် စစ်ပွဲကအချိန်နှစ်နှစ်ကျော်ကြာလာချိန်တွင် နှစ်ဖက်စလုံးသည် စစ်လက်နက်ပစ္စည်းများ လိုအပ်ချက်များရှိနေပြီး အမေရိကန်ဦးဆောင်သော နေတိုးအုပ်စုက ယူကရိန်းကို စစ်လက်နက်ပစ္စည်းများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
မြောက်ကိုရီးယားက ရုရှားကို အမြှောက်ကျည်ဆံပေါင်း သန်းနှင့်ချီပြီး ထောက်ပံ့ပေးခဲ့ဟု တောင်ကိုရီးယား ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်