ပါပူဝါ နယူးဂီနီ၊ မေ ၂၈
ပါပူဝါ နယူးဂီနီနိုင်ငံတွင် ပြီးခဲ့သောရက်ပိုင်းက ဖြစ်ပွားခဲ့သော မြေပြိုမှုများကြောင့် လူပေါင်း ၂၀၀၀ ကျော် မြေကြီးအောက်ရောက်ရှိနေကြောင်း သိရသည်။
အဆိုပါနိုင်ငံတွင် မေလ ၂၄ ရက်၊ နံနက် ၁ နာရီကျော်က ရုတ်တရက်မြေပြိုမှုဖြစ်ပွားခဲ့ပြီး လူအများအိပ်ပျော်နေချိန်ဖြစ်သည့်အတွက် သေဆုံးသူအရေအတွက် ပိုမိုမြင့်တက်လာနေခြင်းဖြစ်ကြောင်း သိရသည်။
ပါပူဝါဂီနီအစိုးရသည် ပျောက်ဆုံးနေသူများကို ကယ်တင်နိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့စည်းများကို အကူအညီတောင်းခံထားကြောင်း သိရသည်။
မြေပြိုမှုသည် အန်ဂါဒေသရှိ တောင်စောင်းရွာတွင် ဖြစ်ပွားခဲ့ပြီး၊ အိမ်များပြိုကျပျက်စီးခဲ့သလို အဆောက်အဦးများ ကြီးမားသည့်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂတာဝန်ရှိသူတစ်ဦးက မြေပြိုမှုများကြောင့် လမ်းများပျက်စီးခဲ့ပြီး၊ Porgera အမည်ရှိ ရွှေသတ္တုတူးဖော်ရေးကို သွားရောက်သောအမြန်လမ်း၏ အချို့အစိတ်ပိုင်းများလည်း ပျက်စီးခဲ့ကြောင်း သိရသည်။
မြေပြိုမှုများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကူညီကယ်ဆယ်ရေးသမားများ အခက်ခဲဖြစ်ပွားနေကြောင်း၊ ကယ်ဆယ်ရေးသမားများလည်း အန္တရာယ်များဖြင့် ရင်ဆိုင်နေရ ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာအဖွဲ့က ပြောသည်။
ပါပူဝါဂီနီစစ်တပ်သည် မြေပြိုမှုဒဏ်ကို ရင်ဆိုင်ခဲ့ရသူများနှင့် မြေကြီးအောက်ရောက်နေသွားသူများကို အရပ်ဘက်ဆိုင်ရာအဖွ့ဲစည်းနှင့်ပူးပေါင်းပြီး ကယ်တင်ပေးနေကြောင်းသိရသည်။ သို့သော်လည်း မျှော်လင့်မထားသောအခက်ခဲများရှိနေသည့်အတွက် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြင့်လုပ်ဆောင်ရန် အခက်ခဲဖြစ်နေကြောင်းသိရသည်။
ကောင်းထက်ငွေ
thestar.com.my/aseanplus/aseanplus-news
မြေပြိုမှုကြောင့် ပါပူဝါနယူးဂီနီတွင် လူပေါင်း ၂၀၀၀ကျော် မြေကြီးအောက်ရောက်ရှိနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်