ရန်ကုန်၊ ဒီဇင်ဘာ ၃
ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် စပိန်နိုင်ငံထုတ် DEMU တွဲဆိုင်းသစ်များဖြင့် ပြောင်းလဲပြေးဆွဲပြီးနောက်ပိုင်း ယင်းနှင့်ကိုက်ညီသည့် နှုန်းထားတစ်ခုဖြစ်စေရန် လက်မှတ်ခနှုန်းထားကို ၁၀၀၀ ကျပ် ထပ်မံတိုးမြှင့်လိုက်ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
ဒီဇင်ဘာ ၂ ရက်မှစတင်ပြီး မြို့ပတ်ရထားလက်မှတ်ခကို ပြန်လည်ပြင်ဆင်သတ်မှတ်လိုက်ခြင်းဖြစ်ပြီး သုညမိုင်မှ ၁၅ မိုင်ထိကို ၂၀၀ ကျပ်မှ ၄၀၀ ကျပ်အစား ၅၀၀ ကျပ်အထိ ၊ ၁၅ မိုင်မှ မိုင် ၃၀ အထိ၊ ယခင် ၈၀၀ ကျပ်မှ ၁၀၀၀ ကျပ်အထိ တိုးမြှင့်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ သူ့ရဲ့စရိတ်စကကို ကာမိဖို့အတွက် လက်မှတ်ခကို တိုးမြှင့်သတ်မှတ်လိုက်တာဖြစ်ပါတယ်။ အခုထပ်မံတိုးမြှင့် သတ်မှတ်လိုက်တဲ့နှုန်းထားဟာ သင့်တင့်တဲ့ဈေးနှုန်းဖြစ်ပါတယ်။” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ဒီဇင်ဘာ ၁ ရက်မှစတင်ပြီး ရန်ကုန်အထိ လမ်းကြောင်း ၇ ခုနှင့် ရန်ကုန်မှ မင်္ဂလာဒုံ၊ အင်းစိန်အထိ လမ်းကြောင်း ၇ ခု၊ စုစုပေါင်းလမ်းကြောင်း ၁၄ ခုအထိ DEMU တွဲဆိုင်းသစ်များဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ ရထားလက်မှတ်ခ ထပ်မံတိုးမြှင့်လိုက်သည့်အတွက် ခရီးသည်များအနေဖြင့် အဆင်မပြေမှုများရှိ ကြောင်း ခရီးသည်များ၏ပြောကြားချက်အရ သိရသည်။
“ ၁၀၀၀ ဆိုရင်တော့ မစီးတော့ဘူး။ ကားခထက်တောင်ဈေးကြီးသေးတယ် သူက။ ရထားလက်မှတ်ခက အနိမ့် ဆုံးတော့ ဘတ်စ်ကားထက် ဈေးသက်သာရမှာလေ။ အခုဟာက ပိုဆိုးနေတယ်။” ဟု ခရီးသည်တစ်ဦးက ယနေ့ ခေတ်သို့ ပြောသည်။
သတင်း/ဓာတ်ပုံ – #စုစု
မြို့ပတ်ရထားလက်မှတ်ခ ၁၀၀၀ ကျပ် ထပ်မံတိုးမြှင့် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်