မြို့နယ်အချို့တွင် လျှပ်စစ်မီးကို လေးနာရီလာ၊ လေးနာရီပျက်စနစ်ဖြင့်ပေးနေ ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့တွင် လျှပ်စစ်မီးများ လေးနာရီလာ၊ လေးနာရီပျက်စနစ်ဖြင့် ပြန်လည်ပေးနေပြီဖြစ်ကြောင်း သက်ဆိုင်ရာမြို့နယ်လျှပ်စစ်ရုံးများက အသိပေးထားသည်။

ဇန်နဝါရီလမှစတင်ကာ လျှပ်စစ်မီးကို တစ်ရက်လျှင် လေးနာရီလာ၊ ၈ နာရီပျက်စနစ်ဖြင့် ဖြန့်ဝေပေးနေရာမှ ယခုအခါ 230kV ရွှေလီ-မန်စံလိုင်းအား ပြုပြင်ပြီးစီးပြီဖြစ်သည့်အ တွက် လေးနာရီလာ၊ လေးနာရီပျက်စနစ်ဖြင့် ပြန်လည်ဖြန့်ဖြူးပေးနေပြီဖြစ်ကြောင်း သိရသည်။

“ မနေ့ကတော့ မီးကအရင်အတိုင်းပြန်လာတယ်။ ဒါပေမယ့်လည်း အရမ်းကြီး ယုံစားလို့တော့မရဘူး။ သူက ပျက်ချင်ရင်ပျက်သွားမှာ။ မီးကပြတ်ချိန်သာပိုများတာ။ မီတာခက မကျသွားဘူး။ ပိုတိုးလာတယ်။” ဟု တောင်ဥက္ကလာပမြို့နယ်တွင် နေထိုင်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

လက်ရှိတွင် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအပိုင်းတွင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ ၂၈ ရုံ၊ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၂၇ ရုံ၊ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ရှစ်ရုံ၊ စုစုပေါင်းတပ်ဆင်အင်အား ၆၃၇၁ မဂ္ဂါဝပ်ရှိကြောင်း၊ အဆိုပါရေအားလျှပ်စစ်နှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများမှ အချို့ဓာတ်အားပေးစက်ရုံ ၁၂ ရုံသည် ဓာတ်အားလိုင်းများဖျက်ဆီးခံရခြင်းနှင့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးခြင်းတို့ကြောင့် လက်ရှိတွင် ဓာတ်အားထုတ်လုပ်မှု ကျဆင်းနေကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ပမာဏ ပိုမိုမြင့်မားလျက်ရှိနေသည့်အတွက် နေပြည်တော်ပြည်ထောင်စုနယ်မြေတွင် လေးခု၊ မန္တလေး တိုင်းဒေသကြီးတွင် သုံးခု၊ ပဲခူးတိုင်းဒေသကြီးတွင် တစ်ခု၊ ရှမ်းပြည်နယ်တွင် တစ်ခု၊ စုစုပေါင်းတပ်ဆင်အင်အား ၅၃၀ မဂ္ဂါဝပ်ရှိသည့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ – #စုစု

#ယနေ့ခေတ်

မြို့နယ်အချို့တွင် လျှပ်စစ်မီးကို လေးနာရီလာ၊ လေးနာရီပျက်စနစ်ဖြင့်ပေးနေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.