မြဝတီ၌ လင်မယားနှစ်ဦး နေအိမ်အတွင်း ပစ်ခတ်ခံရ၍ သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၅

ကရင်ပြည်နယ်၊ မြဝတီမြို့၌ ယနေ့နံနက်ပိုင်းက လင်မယားနှစ်ဦး နေအိမ်အတွင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့နံနက် ၇ နာရီခွဲက မြဝတီမြို့၊ (၄) ရပ်ကွက်၊ ပန်းခြံ ၃ လမ်းရှိ နေအိမ်အတွင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော လင်မယားနှစ်ဦးအား တွေ့ရှိရကြောင်း သိရသည်။

“ အိမ်ရဲ့ ဧည့်ခန်းနားမှာ နှစ်ဦးစလုံးကို သေဆုံးလျက်တွေ့ရတာ။ ယောက်ျားက လည်ပင်းမှာ၊ မိန်းမက ဦးခေါင်းထိပ်မှာ ကျည်ဖောက်ဝင်ဒဏ်ရာတွေ တွေ့ရ တယ်။ ဘာ့ကြောင့်၊ ဘယ်သူက ပစ်ခတ်သွားတယ်ဆိုတာတော့ မသိရဘူး။” ဟု ဒေသခံတစ်ဦးက ပြောသည်။

သေဆုံးသူအမျိုးသားမှာ အသက် ၃၄ နှစ်အရွယ်ရှိ ကိုသန်းထိုက်အောင်ဆိုသူ ဖြစ်ပြီး၊ အမျိုးသမီးမှာ အသက် ၂၁ နှစ် အရွယ်ရှိ မနှင်းနှင်းဝေဆိုသူဖြစ်ကာ ၎င်းတို့လင်မယားနှစ်ဦးမှာ အရောင်းအဝယ်လုပ်ကိုင်ကြသူများဖြစ်ကြောင်း ဒေသခံများက ပြောသည်။

သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းကို မြဝတီဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး မြဝတီရဲစခန်းတွင် အမှုဖွင့်လှစ်ကာ ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂ ရက်က မြဝတီမြို့၊ KBZ ဘဏ်ခွဲ (၁) မှ အသက် ၄၃ နှစ်အရွယ် အကြီးတန်းမန်နေဂျာ အမျိုးသားတစ်ဦးမှာ ဆိုင်ကယ်စီး၍ အိမ်ပြန်လာစဉ် (၄) ရပ်ကွက်၊ တောရကျောင်းလမ်းနှင့် မေတ္တာ ၃ လမ်းအရောက်၌ ဆိုင်ကယ်စီးနင်းလာသော အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့၍ နေရာတွင်ပင် သေဆုံးခဲ့သည်။

လက်နက်အဖွဲ့များ လှုပ်ရှားသွားလာလေ့ရှိသည့် မြဝတီမြို့၌ ယခုရက်ပိုင်းအတွင်း လူစည်ကားရာနေရာများနှင့် နေအိမ်များတွင်ပင် အရပ်သားများ ပစ်ခတ်ခံရ၍ သေဆုံးမှုများ ခပ်စိပ်စိပ်ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။

မောင်ဇော်

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မြဝတီ၌ လင်မယားနှစ်ဦး နေအိမ်အတွင်း ပစ်ခတ်ခံရ၍ သေဆုံး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.