ရန်ကုန်၊ ဇန်နဝါရီ ၃၀
ယမန်နေ့က ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အနီး ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ပြီး ယာဉ်ပေါ်လိုက်ပါလာသူငါးဦး သေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၂၉ ရက်၊ နေ့လည်က မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာအနီးရှိ တပ်ရင်းတစ်ရင်းသို့ တာဝန်ချိန်းရန်အတွက် ရောက်ရှိလာသည့် Eurocopter 365 ရဟတ် ယာဉ်တစ်စင်းနှင့် Mi-35 P တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စင်းတို့အား KNLA ပူးပေါင်းအဖွဲ့က ဝိုင်းဝန်းတိုက်ခိုက်ရာ Eurocopter 365 ရဟတ်ယာဉ်မှာ ပျက်ကျခဲ့ပြီး၊ ယာဉ်ပေါ်တွင်လိုက်ပါလာသူငါးဦး သေဆုံးခဲ့ကြောင်း KNU ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
“ KNLA တော်လှန်ရေးပူးပေါင်းအဖွဲ့တို့မှ ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ Eurocopter 365 ရဟတ်တစ်စီးအား ပစ်ချနိုင်ခဲ့ပြီး၊ အဲ့ဒီလေယာဉ်ပေါ် လိုက်ပါလာတဲ့ ဗိုလ်မှူးချုပ်အေးမင်းနောင်အပါအဝင် ဗိုလ်မှူးသုံးဦးနဲ့ ဗိုလ်ကြီးတစ်ဦး စုစုပေါင်းငါးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရတယ်။” ဟု KNU က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ရဟတ်ယာဉ်ပျက်ကျမှုနှင့် ပတ်သတ်၍ KNU ဘက်မှ ထိုသို့ထုတ်ပြန်ပြောကြားထားသော်လည်း နစကဘက်မှ ယနေ့နေ့လည်အထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ ယမန်နေ့က ပျက်ကျခဲ့သည်ဆိုသော ရဟတ်ယာဉ်အနီးတွင် နစကတပ်ဖွဲ့ဝင်များစစ်ဆေးနေသည့် ဓာတ်ပုံများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်ကို တွေ့ရသည်။
ရဟတ်ယာဉ်ပျက်ကျကာ လိုက်ပါလာသူငါးဦး သေဆုံးခဲ့သည်ဟု KNU ၏ ပြောဆိုမှုနှင့်ပတ်သတ်၍ ယနေ့ခေတ်အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပေ။
ယခုလအတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ကချင်ပြည်နယ်အတွင်း စစ်ဘက်ဆိုင်ရာလေယာဉ်နှစ်စင်း ပစ်ချခံရပြီး ပျက်ကျခဲ့ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖက်ကာကျေးရွာအနီး၌ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး၊ ဇန်နဝါရီ ၃ ရက်နေ့က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၌ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – စီဂျေ
မြဝတီအနီး ရဟတ်ယာဉ်တစ်စင်း ပျက်ကျ၊ ငါးဦးသေဆုံး ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်