ရန်ကုန်၊ ဩဂုတ် ၇
မြဝတီမြို့နယ်ရှိ အာရှလမ်းပေါ်တွင် မိုးသည်းထန်စွာရွာသွန်းနေကာ ရေနစ်မြှုပ်၍ ကားများသွားလာရ ခက်ခဲနေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းမှစတင်၍ မြဝတီမြို့နယ်အတွင်း အဆက်မပြတ်ရွာသွန်းလျက်ရှိသည့်မိုးကြောင့် နေရာအချို့တွင် ရေနစ်မြှုပ်မှုများဖြစ်ပွားလျက်ရှိကာ ယနေ့နံနက်ပိုင်းတွင် အာ ရှလမ်းပေါ် ရေနစ်မြှုပ်၍ ကားများသွားလာရ ခက်ခဲနေကြောင်း မြဝတီမြို့၌နေထိုင်သူတစ်ဦးက ပြောသည်။
“ မိုးတိတ်ရင် ပြန်ကျတယ်။ ပြီးတော့ မိုးရွာတော့ ရေပြန်တက်လာရော။ ချောင်းရေတက်တာမဟုတ်ဘဲ မြောင်းရေသဘောမျိုးတက်တာ။ ကားတွေလည်း မိုးတိတ်ချိန်မှ သွားစေချင် တယ်။ ကားတွေပျက်ပြီး လမ်းလယ်အုတ်ခုံနဲ့ ဝင်တိုက်မိတာတွေ ခဏခဏဖြစ်နေလို့ပါ” ဟု ဒေသခံတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
မိုးရွာသွန်းချိန်များ၌ အာရှလမ်းပေါ်သို့ ရေအမြင့် လေး၊ ငါးပေခန့်အထိ မြင့်တက်လျက်ရှိ၍ ကားများသွားလာရ ခက်ခဲနေသကဲ့သို့ ရေကျချိန်ကိုစောင့်ကာသွားလာရ၍ လမ်းခရီး နှောင့်နှေးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ယနေ့နံနက်ပိုင်းတွင် မြဝတီမြို့၌ မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိကာ သောင်ရင်းမြစ်ရေအခြေအနေကိုလည်း စောင့်ကြည့်လျက်ရှိသည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းကာ မြဝတီမြို့၊ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေနစ်မြှုပ်မှုဖြစ်ပွား၍ ဒေသခံရှစ်ရာခန့် ကယ်ဆယ်ရေးစခန်း ၅ ခုတွင် ရွေ့ပြောင်းနေ ထိုင်ရကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြစ်ရေမြင့်တက်မှုများကြောင့် ကရင်ပြည်နယ်အတွင်းရှိ မြဝတီမြို့တွင်သာမက ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ လှိုင်းဘွဲ့နှင့် ကျုံဒိုးမြို့ နယ်များတွင် ရေနစ်မြှုပ်လျက်ရှိကာ ဒေသခံအများအပြားကယ်ဆယ်ရေးစခန်းများသို့ ရွေ့ပြောင်းနေထိုင်လျက်ရှိကြောင်း သိရသည်။
မိုး/ဇလ၏ ယနေ့နံနက်ထုတ်ပြန်ချက်တွင် ဘင်္ဂလားပင်လယ်အော်အတွင်း မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေ၍ ကရင်ပြည်နယ်အပါအဝင် ဒေသအချို့တွင် မိုးကြီး နိုင်ကြောင်း ထုတ်ပြန်ထားသည်။
မောင်ဇော်
ဓါတ်ပုံ – ဘီဝမ်း
ပုံစာ- ယနေ့နံနက်ပိုင်း မြဝတီမြို့ရှိ အာရှလမ်းပေါ် ရေနစ်မြှုပ်နေစဉ်။
မြဝတီရှိ အာရှလမ်းပေါ် ရေနစ်မြှုပ်၍ ကားများသွားလာရ ခက်ခဲနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်