မြဝတီမြို့သို့ ကုန်စည်ပို့ဆောင်ရာ၌ ဂိတ်ကြေးနှင့်တန်ဆာခ တိုးမြှင့်ကောက်ခံသည့်အတွက် ကုန်သည်များအဆင်မပြေ ဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၃

မြဝတီမြို့သို့ ကုန်စည်ပို့ဆောင်ရာ၌ ဂိတ်ကြေးနှင့်တန်ဆာခ တိုးမြှင့်ကောက်ခံသည့်အတွက် ကုန်သည်များအဆင်မပြေကြောင်း ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူများ ထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်မှစတင်ကာ ဂိတ်ကြေးနှင့်တန်ဆာခကို တိုးမြှင့်ကောက်ခံသည့်အတွက် မြဝတီမြို့နှင့် ပြည်မရှိမြို့များသို့ အပြန်အလှန် ကုန်စည်ပို့ဆောင်နေကြသည့် ကုန်သည်များ အဆင်မပြေဖြစ်နေကြောင်း သိရသည်။

“ အရင်တုန်းကလည်း ပေးရတဲ့ဂိတ်ကြေးတွေ၊ တန်ဆာခတွေက မနည်းဘူး။ အခုပိုပေးရတယ်ဆိုတော့ ကုန်သည်တွေအတွက် ပိုဆိုးတာပေါ့။ ပစ္စည်းပို့ရင် ကုန်သည်တွေလည်း မ ကိုက်သလို၊ ကုန်စည်ပို့ပေးရတဲ့သူတွေလည်း မကိုက်ဘူး။ အရင်က ခေါက်ဆွဲခြောက်တစ်ဖာစာလောက်ပစ္စည်းကို မြဝတီကနေ ရန်ကုန်အရောက်မှ နှစ်သောင်းလောက်ပဲကျတာ။ အခုဆိုရင် ခြောက်သောင်းကျော်လောက် ပေးရတယ်။ အခုတိုးကောက်တဲ့ ဂိတ်ကြေးတွေက အရင်ထက် နှစ်ဆနီးပါးရှိတယ်။” ဟု မြဝတီမြို့သို့ ကုန်စည်များပို့ဆောင်သည့် လုပ် ငန်းရှင်တစ်ဦးက ပြောသည်။

ယခုသတ်မှတ်လိုက်သည့် ဂိတ်ကြေးနှင့်တန်ဆာခများမှာ လိုင်စင်ရှိအိမ်စီးကားသေးများ အဖွဲ့စုံသို့ ၃၀,၀၀၀ ကျပ်၊ လက်မှတ်ဂိတ် ၃၀,၀၀၀ ကျပ်၊ လိုင်စင်မဲ့ကားများ အဖွဲ့စုံသို့ ၅၀,၀၀၀ ကျပ်၊ လက်မှတ်ဂိတ် ၅၀,၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။

ကားလတ်(Voxy, Stacex, အံစာတုံး) ကုန်ပစ္စည်းနှင့် လူဦးရေပေါ် မူတည်၍ ဈေး နှုန်းသတ်မှတ်ထားပြီး အခြားလိုင်စင်ကား အဖွဲ့စုံသို့ ၁၀၀,၀၀၀ ကျပ်မှ ၂၀၀,၀၀၀ ကျပ်၊ အခြား လိုင်စင်မဲ့ကား အဖွဲ့စုံသို့ ၁၅၀,၀၀၀ ကျပ်မှ ၃၀၀,၀၀၀ ကျပ်၊ လက်မှတ်ဂိတ် ၅၀,၀၀၀ ကျပ်မှ ၁၀၀,၀၀၀ ကျပ်၊ ကားကြီး (၁၈ ပေ၊ ၁၄ ပေ၊ ၁၀ ပေ၊ light truck, Hijet) ကုန်နှင့် လူ ဦးရေအပေါ် မူတည်၍ အဖွဲ့စုံသို့ ၂၀၀,၀၀၀ ကျပ် မှ ၄၀၀,၀၀၀ ကျပ်၊ လက်မှတ်ဂိတ် ၁၀၀,၀၀၀ ကျပ်မှ ၂၅၀,၀၀၀ ကျပ် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

မြဝတီမြို့နှင့် ပြည်မရှိမြို့များ အပြန်အလှန်ကုန်စည်ပို့ဆောင်ရာတွင် အဓိကကျသောလမ်းများဖြစ်သည့် ဘားအံ-ကောက်ရိတ်-မြဝတီလမ်းနှင့် ထို့ကော်ကိုး -မြဝတီလမ်းပိုင်းတို့ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်မှစတင်ကာ ၁၀ ဘီးနှင့် ၁၂ ဘီးကားများ ပေးမဖြတ်သဖြင့် ထိုင်းနိုင်ငံမှကုန်စည်များ သယ်ဆောင်ရာ၌ အခက်တွေ့နေကြောင်း သိရသည်။

#အောင်သူရိန်

Photo: CJ

#ယနေ့ခေတ်

မြဝတီမြို့သို့ ကုန်စည်ပို့ဆောင်ရာ၌ ဂိတ်ကြေးနှင့်တန်ဆာခ တိုးမြှင့်ကောက်ခံသည့်အတွက် ကုန်သည်များအဆင်မပြေ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.