ရန်ကုန်၊ ဇွန် ၁၀
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သောင်ရင်းမြစ်ကမ်းဘေးရှိ စစ်ရှောင်စခန်းအတွင်း မိုးရွာသွန်းမှုကြောင့် ရေဝင်ရောက်ကာ ယာယီဆောက်လုပ်ထားသည့်တဲအိမ်အချို့ ပျက်စီးခဲ့ကြောင်း စစ်ရှောင်စခန်း၏ တာဝန်ရှိသူထံမှ သိရသည်။
ဇွန် ၆ ရက်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေမြင့်တက်မှုနှင့်အတူ မြစ်ကမ်းဘေးရှိ ပလောတပို့ ယာယီစစ်ရှောင်စခန်းတွင် ရေများဝင်ရောက်ကာ ယမန်နေ့က ယာယီဆောက်လုပ်ထားသည့် တဲအိမ်အချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

“ မိုးအဆက်မပြတ်ရွာတာရယ်၊ သောင်ရင်းမြစ်ရေတိုးတာရယ်၊ ချောင်း၊ မြောင်းတွေက ပိတ်နေတာတွေကြောင့် ရေကြီးရေလျှံဖြစ်ပြီး စခန်းထဲက အနိမ့်ပိုင်းမှာရှိတဲ့တဲအိမ်တွေ ရေမြှုပ်ကုန်တာ။ စားဖိုဆောင်နဲ့ တဲအိမ် ၁၀ လုံး၊ ၁၅ လုံးလောက် ပျက်စီးသွားတယ်။ လက်ရှိနေအိမ်ပျက်စီးသူတွေက အမြင့်ပိုင်းမှာနေတဲ့သူတွေနဲ့ စုနေကြတယ်။” ဟု အဆိုပါစစ်ရှောင်စခန်းမှ တာဝန်ခံက ယနေ့ခေတ်သို့ ပြောကြားသည်။
အဆိုပါစစ်ရှောင်စခန်းတွင် စစ်ရှောင်ပြည်သူ ၂၅၀၀ ကျော် နေထိုင်လျက်ရှိကြောင်း သိရသည်။
အလားတူ မြဝတီမြို့တွင် ပြီးခဲ့သည့်ရက်ပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့က မြို့ပေါ်ရှိ ရပ်ကွက်အချို့သို့ ရေဝင်ရောက်မှုများဖြစ်ခဲ့ပြီး ဒေသခံများ သွားလာရ အခက်အခဲဖြင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
ယနေ့နံနက်တွင် ရေပြန်လည်ကျဆင်းလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။
မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ယမန်နေ့ကထုတ်ပြန်ချက်တွင် သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် လာမည့် ၂၄ နာရီအတွင်း စိုးရိမ်ရေမှတ်သို့ရောက်နိုင်သည်ဟု အသိပေးထားပြီး ယနေ့နံနက် ထုတ်ပြန်ချက်တွင် ရေများပြန်လည်ကျဆင်းလျက်ရှိကြောင်း သိရသည်။
မောင်ဇော်
ဓာတ်ပုံ – ဒေသတွင်းရှိ စစ်ရှောင်ကူညီသူများ
မြဝတီတွင် စစ်ရှောင်စခန်းအတွင်း ရေဝင်ရောက်ကာ တဲအိမ်အချို့ ပျက်စီး အတွက် မှတ်ချက်များ 0 ခုရှိပါတယ်