ရန်ကုန်၊ ဧပြီ ၂၀
မြန်မာ-ထိုင်းနယ်စပ်တွင် ဧပြီလ ၂၀ ရက်၊ နံနက် ၆ နာရီမှစတင်ပြီး ထိုင်းဘက်ခြမ်းက စစ်ရေးအသင့်ပြင်မှုအနေဖြင့် ထိုင်းစစ်သားများက ခုံးတံတားဘက်ခြမ်း၌ အသင့်နေရာယူထားကြောင်း သိရသည်။
မြဝတီမြို့၊ မြန်မာ-ထိုင်းနယ်စပ်တွင် နစကတပ်များနှင့် KNLA ပူးပေါင်းတပ်များအကြား ဧပြီလ ၂၀ ရက်၊ နံနက် ၆ နာရီမှစတင်ပြီး တိုက်ပွဲများပြင်းထန်လျက်ရှိရာ ထိုင်းနိုင်ငံနယ်စပ်အနီးတွင် ထိုင်းလုံခြုံရေးတပ်သားများက အသင့်နေရာယူထားကြောင်း မြဝတီမြို့နေ ဒေသခံများ၏ပြောကြားချက်အရ သိရသည်။
“ ထိုင်းစစ်တပ်က မြန်မာ-ထိုင်းမြစ်ကူးတံတားကနေ စစ်ရေးအသင့်ပြင်ဆင်ထားပုံရတယ်။ မြဝတီမှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတော့ ဒေသခံပြည်သူတွေတောင် ဘေးလွတ် ရာတိမ်းရှောင်နေရပါတယ်။” ဟု မြဝတီမြို့မှ တိုက်ပွဲရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြဝတီအနီးတဝိုက်တွင် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းက CCTV များဖြင့် စောင့်ကြည့်နေခြင်းဖြစ်ကြောင်း သိရသည်။
နှစ်ဘက်တိုက်ပွဲများကြောင့် မြဝတီမြို့နယ်ရှိ ဒေသခံတိုက်ပွဲရှောင် ပြည်သူတစ်ထောင်ကျော်ခန့်တွင် သက်ကြီးရွယ်အိုများ၊ လူလတ်ပိုင်းများနှင့် ကလေးသူငယ်များက ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
လက်ရှိ တိုက်ပွဲရှောင် ဒေသခံပြည်သူများသည် တိုက်ပွဲများကြောင့် အိုးအိမ်များစွန့်ခွာကာ အဝတ်တစ်ထည်ကိုယ်တစ်ခုဖြင့် တိမ်းရှောင်လာရခြင်းဖြစ်ကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ -ဘန်ကောက်ပို့စ်
မြဝတီတွင် စစ်ရေးပြင်းထန်နေ၍ ထိုင်းဘက်ခြမ်းက စစ်ရေးအသင့်ပြင်ဆင်ထား အတွက် မှတ်ချက်များ 0 ခုရှိပါတယ်