မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးရုံး ပေါက်ကွဲမှုဖြစ် ၅ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရ

ရန်ကုန်၊ စက်တင်ဘာ ၄

ကရင်ပြည်နယ်၊ မြဝတီမြို့၊ မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ ယမန်နေ့ ညပိုင်းက ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင် ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၃ ရက်၊ ည ၆ နာရီ မိနစ် ၄၀ ခန့်က မြဝတီခရိုင်ရဲတပ်ဖွဲ့မှူးရုံးအား Drop ဗုံးဖြင့် တိုက်ခိုက်ခံရပြီး ရုံး၏အစည်းဝေးခန်းမနှင့် ခရိုင်ရဲမှူး၏အိမ်ဘေးတို့သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးအပါအဝင်သုံးဦး နေရာ၌ပင် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

“ Drop ဗုံးနဲ့ ပစ်ခံရတာပြောတယ်၊ နှစ်ကြိမ်တောင် ၁၀ ဦး၊ ၁၅ ဦးလောက်ထိတယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးက ပထမတစ်ကြိမ်ဖြစ်ပြီးသွားတာကို လာကြည့်တဲ့အချိန် နောက်ထပ်ဖြစ် တာမှာ ထိသွားတာ။ သေသွားတယ်၊ ဒဏ်ရာရတဲ့သူလဲများတယ်” ဟု မြဝတီမြို့တွင်နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် မြဝတီခရိုင်အုပ်ချုပ်ရေးမှူး၊ ထွေအုပ်အရာရှိနှင့် စာရေးတို့အပါအဝင် သုံးဦးမှာ နေရာ၌ပင်သေဆုံးခဲ့ပြီး ကျန်နှစ်ဦးမှာ ဆေးရုံ၌ ဆေးကုသမှုခံယူနေစဥ် သေဆုံးသွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

Drop ဗုံးဖြင့် နှစ်ကြိမ်တိုင်ပစ်ခံရပြီး ပထမတစ်ကြိမ်မှာ ည ၆ နာရီ ၄၀ မိနစ် တွင် Drop ဗုံးနှစ်လုံးဖြင့် တစ်ကြိမ်၊ ည ၇ နာရီ ၃၀ မိနစ်တွင် Drop ဗုံးနှစ်လုံးဖြင့် တစ်ကြိမ် ထပ်မံပစ် ချခံခဲ့ရကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သိရသည်။

လက်ရှိတွင် ဒဏ်ရာရရှိသူများကို မြဝတီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ခရိုင်ရဲမှူးအပါအဝင် ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားကြောင်း သိရသည်။

အဆိုဖြစ်စဥ်နှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းမှ လုပ်ဆောင်ခဲ့သည်ကို တစ်စုံတစ်ရာကြေညာထားခြင်း မရှိသေးပေ။

မြဝတီမြို့ အနီးတစ်ဝိုက်၌ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး နှစ်ဖက်ထိခိုက်မှုများလည်းရှိခဲ့ရာ ယနေ့ နံနက်အစောပိုင်းတွင် မြဝတီခရိုင်၊ တာ ဝါတိုင်ကုန်းအထက်၌ လက်နက်ကြီးပစ်ခတ်သံများ ကြားနေရကြောင်း ဒေသခံများထံမှ သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – Aerial (Telegram)၊ မြဝတီမြို့ခံ

#ယနေ့ခေတ်

မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးရုံး ပေါက်ကွဲမှုဖြစ် ၅ ဦးသေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.