အိန္ဒိယ၊ ဇန်နဝါရီ ၃
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့တွင် အိန္ဒိယ-မြန်မာနယ်စပ်ခြံစည်းရိုး တည်ဆောက်ရေးစီမံကိန်း ခြောက်မိုင်ခန့်ပြီးမြောက်ကြောင်း အိန္ဒိယနိုင်ငံထုတ် သတင်းစာတစ်စောင်က ဇန်နဝါရီ ၂ ရက်၊ နေ့စွဲဖြင့် သတင်းရေးသားထားသည်။
အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ နှစ်ချုပ်အစီရင်ခံစာ၌ ဖော်ပြချက်အရ အဆိုပါစီမံကိန်းသည် လုံခြုံရေးမြှင့်တင်ရန်နှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများကို ထိန်းချုပ်နိုင်ရန်ရည်ရွယ်ကြောင်း သိရသည်။
“ အိန္ဒိယပြည်ထဲရေးဝန်ကြီးရဲ့ အစီအရင်ခံစာအရ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုကို ဟန့်တားရန်ဖို့အတွက် ပြုလုပ်တာပါ။ လက်ရှိ ခြောက်မိုင်ထိတော့ ပြီးမြောက်ပါပြီ။ သံဆူးကြိုးတွေနဲ့ ဆက်လက်ခတ်သွားမှာပါ။ အိန္ဒိယနိုင်ငံထဲဝင်ရောက်လာတဲ့ ဘင်္ဂါလီလူမျိုးနဲ့ မြန်မာလူမျိုးတွေ မဝင်ရောက်နိုင်ရန် အိန္ဒိယအစိုးရကလုပ်တာပါ။” ဟု အိန္ဒိယနိုင်ငံရောက် မြန်မာလုပ်သားများ ကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
အိန္ဒိယ-မြန်မာနယ်နိမိတ်သည် မိုင်တစ်ထောင်ကျော်ရှည်လျားပြီး မဏိပူရ်ပြည်နယ်နှင့် ၂၄၇ မိုင်ထိစပ်နေပြီး မဏိပူရ်အစိုးရက လုံခြုံရေးကိုအကြောင်းပြုပြီး နယ်စပ်စည်းရိုးခတ်ရန် အိန္ဒိယဗဟိုအစိုးရအား တိုက်တွန်းခဲ့ကြောင်း သိရသည်။
မြန်မာနှင့်ထိစပ်နေသော ပြည်နယ်လေးခုအတွင်း မဏိပူရ်နှင့် အာရန်နာချယ်ပြည်နယ်တွင် ခြံစည်းရိုးခတ်မည်ကို ထောက်ခံကြပြီး၊ ကျန်ရှိသည့် နာဂလန်းနှင့် မီဇိုရမ်ပြည်နယ်တို့ကို ကန့်ကွက်ထားကြောင်း သိရသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – CJ
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုးကာရံမှု ခြောက်မိုင်ခန့်ပြီးမြောက်ကြောင်း သတင်းထုတ်ပြန် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်