မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပုံမှန်ထက်လျော့ကျနေ

ရန်ကုန်၊ အောက်တိုဘာ ၂၂

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများသည် ပုံမှန်ထက်လျော့ကျနေကြောင်း ရခိုင်ကုန်သည်ကြီးများအသင်းမှ သိရသည်။

ယင်းသို့လျော့ကျရခြင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ ရွေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်သည့်အတွက် လက်ရှိကုန်သွယ်ရေးလမ်း ကြောင်းများတွင် ယခင်ကဲ့သို့ ကုန်သွယ်ရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်နိုင်မှု မရှိခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။

“ လက်ရှိကတော့ အရောင်းအဝယ်လေးတွေ အေးပါတယ်။ ပုံမှန်တော့မဟုတ်ဘူးပေါ့။ သူတို့ရဲ့ ရွေးကောက်ပွဲကြောင့်လည်းပါသလို နောက်တစ်ချက်က ပြီးခဲ့တဲ့ရာသီဥတုက သိပ်မကောင်းဘူး။ အဲဒါတွေကြောင့်။” ဟု ရခိုင်ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်စည်တင်ပို့ရာတွင် စစ်တွေနှင့် မောင်တောကုန်သွယ်ရေးစခန်းများမှ ကုန်စည်များတင်ပို့နိုင်သော်လည်း ယခုအခါ စစ်တွေကုန်သွယ်ရေးစခန်း မှသာ ကုန်စည်များတင်ပို့ရန် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်တွေဆိပ်ကမ်းမှတစ်ဆင့် ရေချိုငါး (ငါးမြစ်ချင်း၊ ငါးခေါင်းပွ)၊ ငါးနီတူခြောက်၊ ကွမ်းသီး၊ ချင်းစို၊ ဇီးယို၊ ဇီးဖတ်၊ နနွင်းတက်၊ မကျည်းသီး၊ မကျည်းစေ့တို့ကို အဓိက တင်ပို့နေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုမှ ပို့ကုန်တင်ပို့မှု ကန်ဒေါ်လာ ၁၆ ဒသမ ၈၉၃ သန်းနှင့် သွင်းကုန်တင်သွင်းမှု ကန်ဒေါ်လာ ၀ ဒသမ ၀၃၂ သန်းရှိကာ ကုန်သွယ်မှုတန်ဖိုးစုစုပေါင်း ကန်ဒေါ်လာ ၁၆ ဒသမ ၉၂၅ သန်းရှိခဲ့ကြောင်း သိရသည်။

ယခု၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ လက်ရှိအချိန်အထိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှုတွင် ပို့ကုန်တင်ပို့မှု ကန်ဒေါ်လာ ၉ ဒသမ ၃၂ သန်းနှင့် သွင်းကုန်တင်သွင်းမှု ‌ကန်ဒေါ်လာ တစ်သန်းကျော်သာရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စုစု

ဓာတ်ပုံ – အင်တာနက်

#ယနေ့ခေတ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ပုံမှန်ထက်လျော့ကျနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.