မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွကောင်းမွန်အောင် တည်ဆောက်သွားလိုကြောင်း မြန်မာနိုင်ငံသမ္မတဟောင်း ဦးသိန်းစိန် ဆို

ဘေဂျင်း၊ ဇွန် ၃၀

မြန်မာနိုင်ငံသမ္မတဟောင်း ဦးသိန်းစိန်က တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကိုဆက်ခံပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများကို ထဲထဲဝင်ဝင်ဆောင်ရွက်ကာ မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွ ကောင်းမွန်အောင် တည်ဆောက်သွားလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံသမ္မတဟောင်း ဦးသိန်းစိန်သည် တရုတ်နိုင်ငံတွင်ကျင်းပသော ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ထုတ်ပြန်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်ညီလာခံသို တက်ရောက်ချိန်အတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တွေ့ဆုံဆွေးနွေးရာတွင် ယင်းကဲ့သိုပြောဆိုခဲ့ခြင်းဖြစ်ကြောင်း တရုတ်သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံသမ္မတဟောင်း ဦးသိန်းစိန်က ပြီးခဲ့သော ၁၀ နှစ်က မိမိသည်သမ္မတအနေဖြင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ထုတ်ပြန်ခြင်း နှစ် ၆၀ ပြည့် အထိမ်းအ မှတ်ညီလာခံကို တက်ရောက်ခဲ့ကြောင်း၊ ယခုအကြိမ်တွင် တရုတ်နိုင်ငံ၏မိတ်ဆွေဟောင်းအနေဖြင့် ဒုတိယအကြိမ်တက်ရောက်ခြင်းဖြစ်ရာ ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း ပြောကြားခဲ့သည်။

ထိုအပြင် သမ္မတဟောင်း ဦးသိန်းစိန်က တရုတ်-မြန်မာနှစ်နိုင်ငံသည် ရေရှည်ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြသည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံကြား နက်ရှိင်းသော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည် ယခင်ခေါင်းဆောင်ဟောင်းများကိုယ်တိုင် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သမ္မတ ရှီကျင့်ဖိန် ၂၀၂၀ ပြည့်နှစ် မြန်မာ နိုင်ငံသိုလာရောက်လည်ပတ်စဉ်တွင် နှစ်နိုင်ငံအနေဖြင့် မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မည့် အရေးကြီးသဘောတူညီချက်ရရှိခဲ့ပါကြောင်း ထပ်မံပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးဖွံဖြိုးတိုးတက်ရန် အထူးအလေးထားကြောင်း၊ သမ္မတ ရှီကျင့်ဖိန်အဆိုပြုသည့် လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းအတွေးအခေါ်ကို အလွန်တန်ဖိုးထားထောက်ခံကြောင်း၊ သမ္မတဟောင်း ဦးသိန်းစိန်က ထပ်မံပြောဆိုခဲ့သည်။

တရုတ်နိုင်ငံသည်  တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးကို မြှင့်တင်ရန်  မြန်မာနိုင်ငံနှင့်အတူ ကြိုးပမ်းမှုအသစ်များဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ပြောဆိုခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးက သမ္မတဟောင်း ဦးသိန်းစိန်သည် တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်းဖြစ်ကြောင်း၊ လွန်ခဲ့သောနှစ်ပေါင်း ၇၀ က တရုတ်နိုင်ငံခေါင်းဆောင်များသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကိုအဆိုပြုခဲ့ရာ မြန်မာနိုင်ငံ၏တုံပြန်မှုကို ဦးစွာရရှိပြီး အာရှတွင်ကျယ်ပြန့်လာကာ အာရှနိုင်ငံများအကြား ဆက်ဆံရေးတိုးတက်မှု၏ အားကောင်းသော တွန်းအားဖြစ်ခဲ့သလို နိုင်ငံတကာဆက်ဆံရေး၏ စံတင်ရသည့်အခြေခံမူနှင့် နိုင်ငံတကာဥပဒေ၏ အခြေခံမူအဖြစ် တိုးတက်လာခဲ့ကြောင်း ပြောသည်။

ဒုတိယကမ္ဘာစစ်အပြီး နိုင်ငံတကာစနစ် တည်ဆောက်ရာတွင် ကြီးမားသည့်အကျိုးဆောင်မှုရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

နှစ်ပေါင်း ၇၀ ကြာပြီးနောက် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်သည် ခေတ်နောက်ကျခြင်းမရှိသည့်အပြင် ပို၍ရှင်သန်အားကောင်းလာကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ထပ်မံပြောဆိုခဲ့သည်။

လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရေးမှာ မူကြီး ၅ ရပ်အတွက် ခေတ်ကာလ၏ အနက်အဓိပ္ပါယ်သစ်ကို ဖြည့်တင်းခြင်း၊ မူကြီး ၅ ရပ်ကို အကောင်းဆုံးကျယ်ပြန့်အောင် မြှင့်တင်ခြင်းဖြစ်ပြီး မျက်မှောက်ကမ္ဘာကြီးတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုအမျိုးမျိုးကို ရင်ဆိုင်ဖြေရှင်းရာတွင် အရေးကြီးသည့် ပြည်သူ့စွမ်းအားကို ထပ်မံပံ့ပိုးခြင်းဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ရပ်ကို ဖော်ဆောင်ရန်လိုအပ်ကြောင်း၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထုတ်ဖော်ပြောဆိုခဲ့သည်။

ကောင်းထက်ငွေ

english.news.cn

မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွကောင်းမွန်အောင် တည်ဆောက်သွားလိုကြောင်း မြန်မာနိုင်ငံသမ္မတဟောင်း ဦးသိန်းစိန် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.