ရန်ကုန်၊ ဇန်နဝါရီ ၂၂
တရုတ်ဘက်မှ ချင်းရွှေဟော်ဘက်ရှိ နယ်စပ်ဂိတ်များကို ပြန်ဖွင့်လှစ်ခဲ့သော်လည်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးမှာမူ မဖြစ်နိုင်သေးကြောင်း တရုတ်နယ်စပ်လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။
မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်မှစတင်၍ ရပ်တန့်နေသည်မှာ တစ်နှစ်ကျော်ရှိပြီဖြစ်ကြောင်း၊ ထို့ပြင် ညီနောင်မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားသည့်ဒေသများသို့ နှစ်ဖက်ကုန်စည်အဝင်အထွက်မရှိခဲ့သည့်အတွက် ဒေသခံများ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကို ခံစားခဲ့ရကြောင်း သိရသည်။
“ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးက ပြန်ဖွင့်ပေးလိုက်တာမှန်တယ်။ ကုန်စည်စီးဆင်းမှုဆိုတာက ဒေသသုံးပစ္စည်းတွေပဲပေါ့။ ချင်းရွှေဟော်ဘက်ကဆိုရင် လောက်ကိုင်-ချင်းရွှေဟော်-ကွမ်းလုံ-သိန္ဒီဘက်ကဆင်းလာလို့ရှိရင် လားရှိုး၊ သီပေါ၊ ကျောက်မဲ- နောင်ချိုဘက်ကထွက်တဲ့ ဒေသသုံးပစ္စည်းတွေပေါ့။ ထိန်းချုပ်ထားတဲ့နယ်မြေတွေကို ပြန်ဖွင့်ပေးတဲ့သဘော။ နှစ်နိုင်ငံကုန်သွယ်မှုက G to G နဲ့သွားမယ်ဆိုရင်တောင် မန္တလေး ၁၆ မိုင်အထိပဲရတာ။ ပြင်ဦးလွင်ထိပေါ့။ အဲဒီထိပဲ အစိုးရကထိန်းချုပ်ထားတာ။ ဟိုဘက်အပိုင်းကကျတော့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ထိန်းချုပ်ထားတာ။ နှစ်နိုင်ငံကုန်သွယ်မှုက မဖြစ်နိုင်သေးဘူး။ အစိုးရထိန်းချုပ်အောက်မှာ မရှိသေးဘူး။” ဟု နန်းတော်ဂိတ်မှ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကဂိတ်ဖြစ်သည့် မူဆယ်နယ်စပ်ကုန်သွယ်ရေး ရပ်တန့်ခဲ့ပြီးနောက်ပိုင်း နစကအနေဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှတ ဆင့် တရုတ်နှင့်ကုန်သွယ်ရေးကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ရရှိနေခြင်းဖြစ်ကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ – google
#ယနေ့ခေတ်
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး မဖြစ်နိုင်သေးဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်