ရန်ကုန်၊ နိုဝင်ဘာ ၆
မြန်မာအမျိုးသားလေကြောင်းလိုင်းမှ ပထမဆုံး ပျံသန်းပြေးဆွဲပေးနေသည့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား Cargo Flights ဖြင့် ကုန်တင်ပို့လိုပါက သက်ဆိုင်ရာအေးဂျင့်ဖြင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းမှ သိရသည်။
MNA လေကြောင်းလိုင်းမှ Cargo Flight ဖြင့် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ပို့ကုန်/သွင်းကုန်လုပ်ငန်းများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း နိုဝင်ဘာ ၄ ရက်တွင် အသိ ပေးကြေညာထားသည်။
သို့သော် လုပ်ငန်းရှင်များအနေဖြင့် တင်ပို့လိုပါက အေးဂျင့်များဖြင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းက ဆိုသည်။
“ လေယာဉ်နဲ့က တိုက်ရိုက်တင်ပို့လို့မရဘူး။ အေးဂျင့်ကနေတဆင့် ချိတ်ဆက်ဆောင်ရွက်ရမယ်။ ကျွန်တော်တို့က ပစ္စည်းပဲတင်ပေးရမှာ။ ကုန်စည်လိုင်းပို့မယ်ဆိုရင်တော့ Custom ခွင့်ပြုချက်၊ Export/ Import declaration (ပို့ကုန်သွင်း ကုန်ခွင့်ပြုမိန့်/ကြေညာစာ) အဲဒါရှိမှပဲ လေယာဉ်ကတင်လို့ရမယ်။” ဟု MNA Cargo ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
MNA မှ ရန်ကုန်-ကူမင်း-ရန်ကုန် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးခရီးစဉ် Cargo Flight အား နိုဝင်ဘာ ၃ ရက်၊ ည ၁၁ နာရီ ၅၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Boeing 737-400 Freighter လေယာဉ်ဖြင့် စတင်ပျံသန်းပြေးဆွဲခဲ့ပြီး၊ နိုဝင်ဘာလ ၄ ရက်တွင် ရန်ကုန်-ကူမင်း လေယာဉ်ခရီးစဉ် (UB-8501) ဖြင့် ရေထွက်ကုန်ပစ္စည်း ဂဏန်းနှင့် ငါးရှဉ့် ၁၃,၀၂၆ ကီလိုပါရှိ သော ပုံးအရေအတွက် ၄၄၉ ပုံးနှင့် ကူမင်း-ရန်ကုန် လေယာဉ်ခရီးစဉ် (UB-8502) ဖြင့် အထည်အလိပ်များ၊ အဝတ်အထည်နှင့်ပတ်သက်သည့်ပစ္စည်း ၁၃,၈၈၆ ကီလိုပါရှိသော ပုံးအရေအတွက် ၆၇၃ ပုံး တင်ဆောင်ပျံသန်းခဲ့ကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်-ကူမင်း-ရန်ကုန် Cargo Flight အား နေ့စဉ်ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
မြန်မာအမျိုးသားလေကြောင်း (MNA)မှ ရန်ကုန်အခြေပြု၍ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများသို့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး (Cargo) လေကြောင်းခရီးစဉ်ကို စက်တင်ဘာ ၂၈ ရက်မှစတင်၍ ကူးသန်းပြေးဆွဲခဲ့ခြင်းဖြစ်သည်။
ဓာတ်ပုံ – MNA
မြန်မာ-တရုတ် နှစ်နိုင်ငံအကြား လေကြောင်းလိုင်းဖြင့် ကုန်ပစ္စည်းတင်ပို့လိုပါက သက်ဆိုင်ရာအေးဂျင့်ဖြင့် ချိတ်ဆက်ဆောင်ရွက်ရမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်