မြန်မာ-တရုတ် နယ်စပ်မျဉ်းရှိ BP ၁၂၅ စစ်ရှောင်စခန်း၌ စစ်ရှောင်တစ်သိန်းသုံးသောင်း ကျော်ရှိကာ စားနပ်ရိက္ခာများ လိုအပ်

ရန်ကုန်၊ နိုဝင်ဘာ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မြန်မာ-တရုတ်နယ်စပ်မျဉ်းရှိ BP ၁၂၅ စစ်ရှောင်စခန်း၌ ယနေ့အထိ စစ်ဘေးတိမ်းရှောင်သူ တစ်သိန်းသုံးသောင်း ကျော်ရှိကာ ၎င်းတို့အတွက် စားနပ်ရိက္ခာလိုအပ်ချက်များရှိကြောင်း ဒေသအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကိုးကန့်ဒေသတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေ၍ ရွှေယင်စီးကျေးရွာအုပ်စု၊ ထင်ပါကျိုင်းကျေးရွာအုပ်စုနှင့် ဒေသတွင်းရှိ အခြားဆက်စပ်ကျေးရွာများမှ ဒေသခံများသည် ယနေ့အထိ မြန်မာ-တရုတ်နယ်စပ်မျဉ်းရှိ BP ၁၂၅ စစ်ရှောင်စခန်းသို့ လာရောက်ခိုလှုံလျက်ရှိကြောင်း သိရသည်။

“ ဒီမနက်အထိဆို စစ်ရှောင်အရေအတွက် ၁၃,၄၀၀ ကျော်လောက်ရှိပြီ။ နေ့တိုင်း စစ်ရှောင်တဲ့သူတွေက အဆက်မပြတ်များလာလို့ သူတို့အတွက် နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးနဲ့ သောက်သုံးရေတို့အတွက် အခက်အခဲတွေ အများကြီးကြုံရတယ်။” ဟု ဒေသတွင်းစစ်ဘေးရှောင်များကို ကူညီသူတစ်ဦးက ပြောသည်။

စစ်ဘေးရှောင်များအား ကူညီမှုကို ဒေသအာဏာပိုင်အဖွဲ့နှင့် ကိုးကန့်ပရဟိတ စုပေါင်းအဖွဲ့တို့မှ ပူးပေါင်းကူညီနေခြင်းဖြစ်ပြီး လတ်တလော၌ အိမ်နီးချင်းနိုင်ငံ များ၏ ထောက်ပံ့မှုဖြင့် ကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဟု သိရ သည်။

ထို့အပြင် စစ်ရှောင်များအတွက် သောက်သုံးရေလိုအပ်သဖြင့် နိုဝင်ဘာ ၄ ရက်မှစ၍ မီးသတ်တပ်ဖွဲ့မှ ရေလှူဒါန်းပေးခဲ့ကြောင်းနှင့် ဆေးခန်းများဖွင့်လှစ်ပြီး လိုအပ်သော ကျန်းမာ ရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးထားကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ကိုးကန့်ဒေသအတွင်း စားသောက်ကုန်စည်များအား စျေးမြှင့်တင်၍ မရောင်းရန်နှင့် ရောင်းချပါက တာဝန်ရှိသူများကို တိုင်ကြားရန်၊ လောက်ကိုင်မြို့ နယ်အတွင်း ည ၁၀ နာရီမှ မနက် ၅ နာရီအတွင်း အပြင်မထွက်ရန် ဒေသအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားကြောင်း သိရသည်။

၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လောက်ကိုင်မြို့နှင့် ကုန်းကြမ်းမြို့တို့ကို ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

#မောင်ဇော်

ဓာတ်ပုံ – ကိုးကန့်သတင်း

#ယနေ့ခေတ်

မြန်မာ-တရုတ် နယ်စပ်မျဉ်းရှိ BP ၁၂၅ စစ်ရှောင်စခန်း၌ စစ်ရှောင်တစ်သိန်းသုံးသောင်း ကျော်ရှိကာ စားနပ်ရိက္ခာများ လိုအပ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.