မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပို့ကုန်လျော့ကျနေပြီး သွင်းကုန်မြင့်တက်လာ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ယခုဘဏ္ဍာနှစ်၏ ဆယ်လကျော်ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးသည် ပို့ကုန်တင်ပို့မှုလျော့ကျနေပြီး၊ သွင်းကုန်တင်သွင်းမှုမြင့်တက်လာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနမှ ဖော်ပြထားသည့် ကုန်သွယ်မှုစာရင်းများအရ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အထိ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၃ ဘီလီယံရရှိထားပြီး ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၇၉ ဘီလီယံနှင့် သွင်းကုန်တင်သွင်းမှုမှ ကန်ဒေါ်လာ ၁ ဒသမ ၀၄ ဘီလီယံ ရရှိထားကြောင်း သိရသည်။

အလားတူ ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်တင်ပို့မှုမှ ကန်ဒေါ်လာ ၂ ဒသမ ၀၂ ဘီလီယံနှင့် သွင်းကုန်တင်သွင်းမှုမှ ကန်ဒေါ်လာ ၃၉၉ ဒသမ ၇၉၆ သန်းရရှိထားပြီး၊ ပို့ကုန်တင်ပို့မှုသည် ကန်ဒေါ်လာ ၂၃၄ ဒသမ ၂၉၆ သန်း လျော့ကျနေကြောင်း သိရသည်။

“ အခု နယ်စပ်ကုန်သွယ်ရေးပြန်ပွင့်ဖို့ မျှော်လင့်နေရတာပေါ့။ မူဆယ်နဲ့ ချင်းရွှေဟော်ကတော့ လုံးဝပို့ကုန်တင်ပို့မှုမရှိဘူး။ တခြားဂိတ်တွေက သွားတော့သွားတယ် နည်းတာပေါ့။ အဓိက ဒီဂိတ်နှစ်ခုကနေပဲ ကုန်သည်တွေကအများဆုံးပို့ကြတာ။ ဒီဂိတ်တွေပြန်ဖွင့်မှ ကုန်သည်တွေက အသက်ရှုချောင်မှာ။” ဟု မူဆယ်နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။

ယခင်က တရုတ်ဘက်သို့ မူဆယ်နယ်စပ်ကုန်သွယ်ရေးဂိတ်မှတစ်ဆင့် ဆန်၊ ဆန်ကွဲ၊ ရေထွက်ကုန်ပစ္စည်း၊ ပဲအမျိုးမျိုး၊ ရော်ဘာ၊ ကြက်သွန်နီနှင့် အခြားကုန်ပစ္စည်းများကို နေ့စဉ် ကုန်ကားအစီးရေ ၁၂၀ တရုတ်နိုင်ငံသို့ တင်ပို့မှုရှိကြောင်းနှင့် ထို့အပြင် သွင်းကုန်တင်သွင်းမှုအနေဖြင့် အိမ်ဆောက်ပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ ဓာတ်မြေဩဇာအစရှိသည့် ပစ္စည်းများကို တရုတ်နိုင်ငံဘက်မှ ကုန်ကားအစီးရေ ၂၀၀ ကျော် မြန်မာဘက်ခြမ်းသို့ ပြန်လည်ဝင်ရောက်မှုရှိကြောင်း သိရသည်။

တရုတ်-မြန်မာနယ်စပ်တွင် လက်ရှိကုန်သွယ်မှု ပြုလုပ်နေသော နယ်စပ်ဂိတ်များမှာ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် ကျိူင်းတုံ နယ်စပ်ကုန်သွယ်ရေးများဖြစ်ပြီး ကုန်သွယ်မှုအများဆုံးပြုလုပ်နေသော နယ်စပ်ဂိတ်များမှာ မူဆယ်နှင့် ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးဂိတ်များဖြစ်သည်။

#စုစု

ဓာတ်ပုံ – စီဂျေ

#ယနေ့ခေတ်

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး ပို့ကုန်လျော့ကျနေပြီး သွင်းကုန်မြင့်တက်လာ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.