မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် အမည်တင်သွင်းမည်

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

မြန်မာ့သနပ်ခါးကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်း (UNESCO)တွင် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် အမည်တင်သွင်းသွားမည်ဖြစ်ကြောင်း ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။

ကမ္ဘာ့အမွေအနှစ် အသိအမှတ်ပြုစာရင်းတွင်ပါဝင်ခြင်းဖြင့် မြန်မာ့သနပ်ခါးနှင့် သနပ်ခါးယဉ်ကျေးမှုသည် မြန်မာနိုင်ငံနှင့် လူမျိုးကိုကိုယ်စားပြုသည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် နောင်မျိုးဆက်များက အသိအမှတ် ပြု လေးစားတန်ဖိုးထားလာကြရန် ရည်ရွယ်ကြောင်း သိရသည်။

“သနပ်ခါးကိုလည်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းသွားဖို့ရှိပါတယ်။ မြန်မာ့သနပ်ခါးယဥ်‌ကျေးမှုကို အဆင့်ဆင့်လက်ဆင့်ကမ်းထိန်းသိမ်းလာခဲ့ကြတယ်။ နောက်မျိုးဆက်သစ်တွေလည်း လက်ဆင့်ကမ်းထိန်းသိမ်းနိုင်အောင်လို့ ယူနက်စကိုစာရင်းတင်သွင်းသွားမှာဖြစ်ပါတယ်။” ဟု ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ပြောသည်။

သနပ်ခါးကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသများဖြစ်ကြသော စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြောင်း သိရသည်။

မကြာသေးမီက မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကိုလည်း ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရသည်။

#စုစု

ဓာတ်ပုံ – MOI

မြန်မာ့သနပ်ခါးကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် အမည်တင်သွင်းမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.