မြန်မာ့သကြားကို ဘင်္ဂလားဒေ့ရှ်မှ ဝယ်ယူရန်စီစဉ်

ရန်ကုန်၊ စက်တင်ဘာ ၇

မြန်မာ့သကြားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်ယူရန်အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်းမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်မစ်ရှင်နှင့် မြန်မာနိုင်ငံသကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်း Myanmar Sugar and Cane Related Products Association (MSCA) တို့အကြား တွေ့ဆုံ ဆွေးနွေးမှုအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တင်ပို့ဖြစ်ပါက လက်ကျန်သကြားတန်ချိန်များကို ခွဲတမ်းဖြင့် တင်ပို့သွားမည်ဖြစ်ပြီး လာမည့်ဒီဇင်ဘာတွင် စတင်ပို့ဆောင်နိုင်မည်ဟု သိရသည်။

“ ကျွန်တော်တို့ဘက်ကလည်း ဘင်္ဂလားဒေ့ရှ်ဘက်ကို တင်ပို့ဖို့စိတ်ဝင်စားတယ်။ တင်ပို့နိုင်တဲ့ သကြားလက်ကျန်တွေလည်းရှိတယ်။ ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုကော်ပိုရေးရှင်း Trading Corporation of Bangladesh(TCB) နဲ့ MoU ရေးထိုးနိုင်ရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သကြားတင်ပို့တာဟာ ဈေးကွက်အသစ်တစ်ခု ရလာမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ သကြားနှင့် ကြံထွက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မြန်မာ့သကြားကို ဗီယက်နမ်နိုင်ငံသို့ အဓိကထားတင်ပို့ပြီး တရုတ်နိုင်ငံကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် သကြားအရည် တင်ပို့နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် သကြားစက်ရုံပေါင်း ၂၃ ရုံရှိပြီး ယခုနှစ်တွင် သကြားတန်ချိန် ၄ သိန်းခန့်ထွက်ရှိကာ ကြံကြိတ်ခွဲရာသီ ဒီဇင်ဘာမရောက်မီထိ သကြားတန်ချိန် ၁ သိန်းခန့်သာ ကျန်ရှိ တော့ကြောင်း မြန်မာနိုင်ငံ သကြားနဲ့ ကြံထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်းမှ သိရသည်။

ကြံကို ရှမ်းပြည်နယ်တွင် အဓိကစိုက်ပျိုးမှုရှိပြီး ပဲခူးတိုင်း၊ မကွေးတိုင်း စသည့်ဒေသအချို့တွင်လည်း စိုက်ပျိုးကြောင်း သိရသည်။

စုစု

#ယနေ့ခေတ်

မြန်မာ့သကြားကို ဘင်္ဂလားဒေ့ရှ်မှ ဝယ်ယူရန်စီစဉ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.