ရန်ကုန်၊ ဇန်နဝါရီ ၂၁
မြန်မာ့ရိုးရာအစားအသောက်များထဲမှ တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာ့လက်ဖက်ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည်ဖြစ်ကြောင်း မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။
မြန်မာတို့၏သမိုင်းစကားအရ အလောင်းစည်သူမင်းကြီးသည် လက်ဖက်၏မျိုးစေ့လေးများကို ပေါင်းလောင်(ပလောင်)လူမျိုးများအား ပေးသနား၍ စိုက်ပျိုးရန်အမိန့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်မှစ၍ လက်ဖက်ပင်များကို စိုက်ပျိုးခဲ့သလို မင်းခမ်းမင်းနားများတွင် လက်ဖက်အိုး၊ လက်ဖက်ခွက်များကို ဘုရင့်အသုံးအဆောင်ပစ္စည်းတစ်ခုအဖြစ်ထား၍ သုံးစွဲခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
“ မြန်မာ့လက်ဖက်ဆိုရင်လည်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းလို့ရတယ်။ ဘာလို့ဆို ဟိုးရှေးယခင် ဘုရင်တွေလက်ထက်ကတည်းက စားသုံးလာတဲ့အစားအသောက် ဖြစ်တယ်။ ဒါကြောင့်လည်း တင်သွင်းနိုင်ဖို့ ပြင်ဆင်နေပါတယ်။” ဟု မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် လက်ဖက်ကို ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ် အစရှိသည့်ဒေသများတွင် အများဆုံးစိုက်ပျိုးကြပြီး ရှမ်းပြည်နယ်၊ ပလောင်ဒေသတွင် စိုက်ဧကပေါင်း ၅၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။
ယခုအခါ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို UNESCO မှ ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် တရားဝင်အသိအမှတ်ပြုထားသည်။
#စုစု
ဓာတ်ပုံ – google
#ယနေ့ခေတ်
မြန်မာ့လက်ဖက်ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်