ရန်ကုန်၊ ဒီဇင်ဘာ ၅
ထိုင်းနိုင်ငံ၏ ဆုန်ခရန်ပွဲတော်ကဲ့သို့ “ မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” သည်လည်း ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင်သတ်မှတ်ခံရပြီဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့တွင်ကျင်းပနေသည့် (၁၉)ကြိမ်မြောက် ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်ညီလာ ခံ၌ ဒီဇင်ဘာ ၅ ရက် ယနေ့တွင် တရား၀င်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ နဂိုကတည်းကလည်း အဆိုပြုတင်သွင်းကတည်းက ထိုင်းနိုင်ငံနဲ့မတူဘူး။ အခု မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်က ပထမဦးဆုံး ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရောက်ခဲ့ပြီပေါ့။ မျိုးဆက်သစ် နောင်လာနောင်သားတွေကို လက်ဆင့်ကမ်းအမွေ ပေးအပ်နိုင်ပြီ။ မြန်မာနိုင်ငံရဲ့ အခြားသောဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက် အတွေ့အကြုံကောင်းတွေရတာပေါ့။” ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ကမ္ဘာ့ဒြပ်မဲ့ယဥ်ကျေးမှုအမွေအနှစ်အဖြစ်၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်တွင် Myanmar Traditional New Year Atā Thingyan Festival ခေါင်းစဥ်ဖြင့် UNESCO ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ကော်မတီ (Committee of Intangible Cultural Heritage) သို့ ပေးပို့တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” သည် ယခုလို UNESCO ၏ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်ရောက်ခဲ့ခြင်းသည် သမိုင်းတလျှောက် မြန်မာနိုင်ငံအတွက် ပထမ ဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
#စုစု
ဓာတ်ပုံ- စုစု/ယနေ့ခေတ်
#ယနေ့ခေတ်
“ မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်” ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်ခံရ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်