မြန်မာ့စိန်တလုံးသရက်သီး ပြည်ပဈေးကွက်ပျောက်ဆုံးနေ

ရန်ကုန်၊ မေ ၁၂

ပြည်တွင်း၌ စိုက်ပျိုးထွက်ရှိသည့် မြန်မာ့စိန်တလုံးသရက်သီးသည်ပြည်ပဈေးကွက်ပျောက်ဆုံးနေကြောင်း သစ်သီးကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

စိန်တလုံးသရက်သီးသည် ပြည်တွင်းဈေးကွက်၌ ဈေးကောင်းရသော်လည်း ပြည်တွင်းဝယ်လိုအားသည် ကြီးမားလွန်းသည့် ရောင်းလိုအားအတွက် ဆင့်ပါးစပ်နှမ်းပက်ရုံမျှသာဖြစ်ကြောင်း ကုန်သည်များက ဆိုသည်။

ပြည်တွင်းဝယ်လိုအားသည် ယခုအခြေအနေတွင် ၅၀ ရာခိုင်နှုန်းခန့်လျော့ကျနေပြီး ပြည်ပ(တရုတ်)တင်ပို့မှုလမ်းကြောင်းသည်လည်း ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။

“ စိန်တလုံးသရက်တွေက လှိုင်လှိုင်ပေါ်တော့မယ်။ သူက ပြည်တွင်းဈေးကွက်မှာ ဈေးကောင်းတော့ရတယ်။ ဝယ်လိုအားကျနေတယ်။ ပြည်ပဈေးကွက်ကျတော့ မရှိဘူး။ ဒီရာသီမှာမှ ပြည်ပဈေးကွက်မရှိရင် ဈေးကွက်ပျောက်တော့မှာ။ မိမိတို့အပိုင် ဈေးကွက်ဝေစုကြီး ဆုံးရှုံးရနိုင်ချေရှိတယ်။ အခြားနိုင်ငံတွေရဲ့ သရက်သီးပို့ကုန်ဈေးကွက်က လွှမ်းမိုးသွားလိမ့်မယ်” ဟု သစ်သီးကုန်သည်တစ်ဦးက ပြောသည်။

စိန်တလုံးသရက်သီးများသည် မေလဒုတိယပတ်မှစတင်၍ ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာနေပြီး၊ စိန်တလုံးသရက်သီးများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိခြံများတွင် စီးပွားဖြစ်စိုက်ပျိုး၍ ပြည်တွင်း၊ ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိသည်။

လက်ရှိ ပြည်တွင်းစျေးကွက်တွင် စိန်တလုံးသရက်သီးတစ်လုံးလျှင် ၅၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိ ဈေးနှုန်းရရှိနေကြောင်း၊ အိတ်စွပ်သီး(တစ်ခြင်း)လျှင် ၅၅,၀၀၀ ကျပ်မှ ၆၀,၀၀၀ ကျပ်ရှိနေကြောင်း သိရသည်။

မြန်မာ့စိန်တလုံးသရက်သီးကို စင်္ကာပူနိုင်ငံနှင့် တရုတ်နိုင်ငံသို့ နယ်စပ်လမ်းကြောင်း၊ ပင်လယ်ရေကြောင်းနှင့် လေကြောင်းလိုင်းမှတဆင့် တင်ပို့လျက်ရှိကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ- MOI

#ယနေ့ခေတ်

မြန်မာ့စိန်တလုံးသရက်သီး ပြည်ပဈေးကွက်ပျောက်ဆုံးနေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.