ဒါးဗို့၊ ဇန်နဝါရီ ၁၉
အိမ်နီးချင်း မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ရရှိစေရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးတွဲဆောင်ရွက်သွားမည်ဖြစ်သလို၊ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာ စာနာမှု အကူညီများ ပေးသွားမည်ဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်ဖြစ်သလို ထိုင်းနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သော Parnpree Bahiddha-Nukara က ဆွတ်ဇာလန်နိုင်ငံတွင် ကျင်းပ ခဲ့သော ကမ္ဘာစီးပွားရေးဖိုရမ်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်အတူ မြန်မာနိုင်ငံငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စုစည်းညီညွှတ်ရေးတို့ကို အရှိန်မြင့်လုပ်ဆောင်နိုင်ရန် အဓိကအခန်းကဏ္ဍ မှ တက်ကြွစွာပါဝင်ဆောင်ရွက်နေကြောင်း၊ မြန်မာနိုင်ငံရေးအငြင်းပွားမှုများတွင် ပါဝင်နေသော သက်ဆိုင်ရာအဖွဲ့စည်းများအားလုံးသည် နိုင်ငံရေးအငြင်းပွားမှုများကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရန်အတွက် စေ့စပ်ဆွေးနွေးမှုများ အရှိန်မြင့်လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးခဲ့ပြီး အထူးသဖြင့် နယ်စပ်ဒေသမတည်ငြိမ်မှုများကြောင့် နေရပ်စွန့်ခွာနေထိုင်နေရသည့် မြန်မာနိုင်ငံ သားများကို အဓိကထားကာ လူသားချင်းဆိုင်ရာ စာနာမှုအကူညီများ ပေးသွားမည်ဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်က ပြောသည်။
ထိုင်းအစိုးရအနေဖြင့် လက်ရှိအချိန်တွင် လူသားချင်းဆိုင်ရာ စာနာမှုအကူညီ လိုအပ်နေသည့် မြန်မာနိုင်ငံသားများကို အကူညီများပေးနိုင်ရန်အတွက် နည်းလမ်းရှာဖွေနိုင်ရန် မြန်မာ အစိုးရနှင့် ဆွေးနွေးနေကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်က ဆိုသည်။
ထိုင်းအစိုးရအနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူမည့် လာအိုနိုင်ငံကိုလည်း ဒေသအတွင်းနှင့် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် တွေ့ဆုံဆွေးနွေးမှုများ အရှိန်မြင့်လုပ်ဆောင်နိုင်ရန် ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းဒုတိယဝန်ကြီးချုပ်က ပြောသည်။
အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံရေးအငြင်းပွားမှုများကို ဖြေရှင်းနိုင်ရန် ကြားဝင်ကြိုးပမ်းနေသော်လည်း မျှော်လင့်သလောက် အောင်မြင်မှုမရသည့်အတွက် ဝေဖန်ခံနေရပြီး၊ ဇန်နဝါ ရီလအစောပိုင်းက အာဆီယံအလှည့်ကျဥက္ကဌ၏ အထူးကိုယ်စားလှယ်ဖြစ်သူ မြန်မာနိုင်ငံသို့လာရောက်ကာ SAC အဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကောင်းထက်ငွေ
thethaiger.com/news
မြန်မာ့ငြိမ်းချမ်းရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးတွဲဆောင်ရွက်သွားမည်ဟု ထိုင်းဒုတိယဝန်ကြီးချုပ် ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်