မြန်မာ့ငြိမ်းချမ်းရေးအတွက် ထိုင်းနိုင်ငံကစေ့စပ်ပေးရန် အဆင့်သင့်ရှိနေကြောင်း ထိုင်းအစိုးရ ဆို

ဘန်ကောက်၊ ဧပြီ ၁၄

မြဝတီမြို့တွင် ငြိမ်းချမ်းမှုများ ပြန်လည်ရရှိရန်အတွက် စေ့စပ်ဆွေးနွေးမှုများအတွက် ကြားဝင်ဆောင်ရွက်ပေးရန် ကမ်းလှမ်းလာမည်ဆိုလျှင် ပူးပေါင်းကူညီပေးသွားရန် အဆင့်သင့်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုအပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့အနေဖြင့် နယ်စပ်ဒေသတွင် တိုက်ပွဲများအရှိန်မြင့်ဖြစ်လာမည်ကို မတွေ့မြင်လိုသည့်အချက်ကို နစကတာဝန်ရှိသူများကိုတိုက်တွန်းတောင်းဆိုထားကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသော မြန်မာနိုင်ငံ၊ မြဝတီမြို့တွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက်ပိုင်း ၎င်းတို့သည် မြန်မာအစိုးရတာဝန်ရှိသူများနှင့် ဆွေးနွေးပြောဆိုခဲ့ကြောင်း၊နယ်စပ်ဒေသတွင် တိုက်ပွဲများအရှိန်မြင့်ဖြစ်လာမည်ကို မတွေ့မြင်လိုကြောင်း ပြောဆိုခဲ့သလို၊ ထိုင်းနိုင်ငံကကူညီပေးမည့် အစီစဉ်များကိုလည်း ပြောဆိုခဲ့ကြောင်း ထိုင်းနိုင်ငံခြား ရေးဝန်ကြီးက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပန်ပရီဘာဟစ်ဒါနုကာရာက “ ကျွန်တော်တို့ဟာ လက်ရှိအချိန်မှာ မြဝတီမြို့မှာ ငြိမ်းချမ်းမှုတွေ ပြန်လည်ရရှိတာမျိုးတွေ တွေ့မြင်လိုပါတယ်။ မြဝတီမြို့ ပြန်လည်ငြိမ်းချမ်းရေး တွေ့မြင်လိုခြင်းဟာ ကုန်သွယ်ရေးကိစ္စကြောင့် မဟုတ်ပါဘူး၊ ကျွန်တော်တို့နိုင်ငံနဲ့ နယ်စပ်ဒေသချင်းထိစပ်နေတဲ့မြို့ဖြစ်နေတဲ့အတွက်ပါ။ ကျွန်တော်တို့ဟာ မြဝတီမြို့မှာ တိုက်ပွဲအရှိန်ထပ်မံမြင့်လာကို မလိုလားဘူး။ မြဝတီမြို့မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း ပါဝင်နေတဲ့ သက်ဆိုင်ရာအဖွဲ့စည်းအားလုံးဟာ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် အဲဒီဆွေးနွေးမှုတွေကို လက်ခံကြိုဆိုသွားမယ်။ အဲဒီအဖွဲ့စည်းတွေက ထိုင်းနိုင်ငံကို ကြားဝင်စေ့စပ်ဆွေးနွေးဖို့ လိုလားဆန္ဒရှိမယ်ဆိုရင်လည်း ကျွန်တော်တို့ဟာ ပူးပေါင်းဆောင် ရွက်သွားဖို့ အဆင့်သင့်ရှိနေပါတယ်။” ဟု ပြောသည်။

မြဝတီမြို့တွင် တိုက်ပွဲအရှိန်မြင့်မတက်လာစေရန် သက်ဆိုင်ရာအဖွဲ့စည်းအားလုံး သည်းခံချုပ်တည်းကြစေလိုကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထပ်မံတိုက်တွန်းတောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများဖြစ်လာခဲ့ပြီးနောက် ထိုင်းနိုင်ငံ၏အချုပ်အခြာအာဏာ ပိုင်နက်များကို ချိုးဖောက်မှုများရှိလာမည်ဆိုလျှင် သည်းခံမည်မဟုတ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဧပြီ ၁၂ ရက်နေ့က ထိုင်းနယ်စပ်သို့ရောက်ရှိအချိန်တွင် ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။

ပြီးခဲ့သောရက်ပိုင်းက ထိုင်းနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော မြန်မာနိုင်ငံပိုင်နက် မြဝတီမြို့တွင် တပ်မတော်နှင့် ကရင်လက်နက်ကိုင်အဖွဲ့၊ ပီဒီအက်ဖ် လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲများဖြစ်လာခဲ့ရာ ထိုင်းနိုင်ငံဘက်ခြမ်းမှ သေနတ်သံ၊ အမြှောက်သံများကို ကြားနေရကြောင်း ထိုင်းဒေသခံများက ပြောသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးက “ ထိုင်းစစ်သားတွေဟာ နယ်စပ်ဒေသတစ်လျှောက်မှာ ကင်းလှည့်နေတယ်။ ဒါဟာ ထိုင်းနိုင်ငံရဲ့အချုပ်အခြာပိုင်နက်နဲ့ ထိုင်းပြည်သူတွေကို ကာကွယ်ဖို့ အဆင့်သင့်ရှိနေတာကို ပြသနေတာပါ။ ထိုင်းနိုင်ငံရဲ့အချုပ်အခြာကို ချိုးဖောက်တာမျိုး ဘယ်သူကိုမှခွင့်ပြုမှာမဟုတ်ဘူး။ ထိုင်းနိုင်ငံရဲ့ပိုင်နက်နယ်မြေတွေကို ချိုးဖောက်တာကိုလည်း ဘယ်သူကိုမှ ခွင့်ပြုမှာမဟုတ်ဘူး။ ဒီလိုမျိုးချိုးဖောက်လာခြင်းတွေကိုလည်း လက်ခံခွင့်ပြုမှာမဟုတ်ဘူး။” ဟု ပြောသည်။

ထိုင်းဝန်ကြီးချုပ် ဆာရက်သာတာဗီဆင်က “ ကျွန်တော်ဟာ ထိုင်းကာကွယ်ရေးဦးစီးချုပ်နဲ့ ဆွေးနွေးခဲ့တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လေကြောင်းပိုင်နက်ကို ချိုးဖောက်တာတွေရှိလာမယ်ဆိုရင် အဲဒီကိစ္စကို လက်ခံမှမဟုတ်ဘူးလို့ ပြောဆိုထားတယ်။” ဟု ထိုင်းသတင်းဌာနများသို့ ပြောဆိုခဲ့သည်။

ကောင်းထက်ငွေ

pattayamail.com

Zaw

မြန်မာ့ငြိမ်းချမ်းရေးအတွက် ထိုင်းနိုင်ငံကစေ့စပ်ပေးရန် အဆင့်သင့်ရှိနေကြောင်း ထိုင်းအစိုးရ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.