မြန်မာအရေးအတွက် တရုတ်နှင့် အာဆီယံကြား ပိုမိုပူးပေါင်းဆောင်ရွက်ရမည် ဟုဆို

ဟောင်ကောင်၊ ဧပြီ ၂၀

မြန်မာနိုင်ငံရေးအခြေနေများကို ဖြေရှင်းနိုင်ရန်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း ဟောင်ကောင်တက္ကသိုလ်၏ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက သုံးသပ်ပြောဆိုလိုက်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရေးအငြင်းပွားမှုများတွင် ပါဝင်နေသည့်အဖွဲ့စည်းများအပေါ် သြဇာလွမ်းမိုးမှုရှိနေသည့် အဓိကနိုင်ငံဖြစ်ပြီး ပြီးခဲသောဇန်နဝါရီလက သက်ဆိုင်ရာအဖွဲ့စည်းများကြား အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်ရန် ကြားဝင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိသည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည့်အတွက် တရုတ်နိုင်ငံ၏ သြဇာလွမ်းမိုးမှုသည် အကန့်သတ်ဖြင့်သာရှိနေကြောင်း University of Hong Kong’s Center ၏ သုတေသီတစ်ဦးဖြစ်သော ဒေါက်တာဘရိန်းဝေါင်က ပြောသည်။

အာဆီယံသည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံရေးအငြင်းပွားမှုများတွင် ပါဝင်နေသည့်အဖွဲ့စည်းများကြား ကြားဝင်စေ့စပ်ပေးမှုများကို ပိုမိုကြီးမားသောအခန်းကဏ္ဍမှပါဝင်ရန် လို အပ်နေကြောင်း ၎င်းကပြောသည်။

University of Hong Kong’s Center ၏ သုတေသီတစ်ဦးဖြစ်သော ဒေါက်တာဘရိန်းဝေါင်က တရုတ်နိုင်ငံနှင့် အာဆီယံအဖွဲ့စည်းကြား ပူးပေါင်းဆောင်ရွက်သော ချဉ်းကပ်မှုများပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သလို အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သော ထိုင်းနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများသည် မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် အသီးပွင့်များ ပိုမိုဖြစ်ထွန်းလာဖွယ်ရှိနေကြောင်း ပြောသည်။

၎င်းက “ တရုတ်နိုင်ငံဟာ ဒေသအတွင်းမှာ ငြိမ်းချမ်းရေးအသီးပွင့်များ ပိုမိုရယူနိုင်ဖို့လိုလားမယ်ဆိုရင် အာဆီယံအပါအဝင် မြန်မာနိုင်ငံရေးနဲ့ဆက်နွယ်နေတဲ့ အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်ရမယ်။ တရုတ်နိုင်ငံဟာ လက်ရှိအချိန်မှာ မြန်မာအစိုးရနဲ့ စီးပွားရေးလုပ်ကိုင်နေသလို ရင်းနှီးမြှုပ်နှံ့မှုတွေ လုပ်ဆောင်နေတဲ့ အဓိကအရေးပါတဲ့နိုင်ငံဖြစ်နေတယ်။ ဒါ့အပြင် မြန်မာတပ်တော်ဟာလည်း ထိုင်းတပ်တော်နဲ့ ကာလအတန်ကြာ ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိခဲ့ဖူးတယ်။” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအာဏာ အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း သုံးနှစ်ကျော်လာချိန်အထိ ဒေသအတွင်းအဖွဲ့စည်း၊ နိုင်ငံများသည် အဓိကအခန်းကဏ္ဍမှ ကြားဝင်စေ့စပ်ဆွေးနွေးပေးရန် ရုန်းကန်ခဲ့ရကြောင်း ၎င်းကပြောသည်။

ကောင်းထက်ငွေ

channelnewsasia.com/asia

မြန်မာအရေးအတွက် တရုတ်နှင့် အာဆီယံကြား ပိုမိုပူးပေါင်းဆောင်ရွက်ရမည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.