နယူးယောက်၊ ဖေဖော်ဝါရီ ၆
ဖေဖော်ဝါရီ ၅ ရက်နေ့က မြန်မာအရေးနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများကြား တွေ့ဆုံဆွေးနွေးခဲ့ရာ အဖွဲ့ဝင်နိုင်ငံများကြား သဘောထားထပ်တူကျမှုမရှိခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးအတွင်း တရုတ်နှင့် ရုရှားနိုင်ငံတို့သည် SAC ဘက်မှ ကာကွယ်ပြောဆိုခဲ့ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့်နီးစပ်သော သံတမန်အရင်းမြစ်က ပြော သည်။
ကုလသမဂ္ဂဆိုင်ရာ တရုတ်သံတမန်က မြန်မာအရေးနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့၏ ကြိုးပမ်းမှုများကို အချိန်နှင့်နေရာ ပိုပေးရမည်ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ကုလသမဂ္ဂလုံ ခြုံရေးကောင်စီနှင့်နီးစပ်သော သံတမန်အရင်းမြစ်က ပြောသည်။
ထိုအပြင် ကုလသမဂ္ဂဆိုင်ရာ ရုရှားသံတမန်အဖွဲ့ကလည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ခြင်းများ မလုပ်ဆောင်သင့်ကြောင်း ပြောဆိုခဲ့သည်ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့်နီးစပ်သော သံတမန်အရင်းမြစ်က ပြောသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများထဲတွင် ပါဝင်နေသည့် အီကွေဒေါ၊ ပြင်သစ်၊ ဂျပန်၊ မော်လ်တာ၊ တောင်ကိုရီးယား၊ ဆလိုဗေးနီးယား၊ ဆွတ်ဇာလန်၊ ဗြိတိန်၊ အမေရိကန်နိုင်ငံတို့က SAC ကို ဝေဖန်ပြစ်တင်ခဲ့ပြီး၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင် ၉ နိုင်ငံက မြန်မာပြည်သူများ၏ဆန္ဒနှင့် အကျိုးစီးပွားအပြင် တရားဥပဒေစိုးမိုးမှု၊ လွတ်လပ်စွာပြောရေးဆိုခွင့်နှင့် လူအခွင့်ရေးကို လေးစားလိုက်နာရန် မြန်မာနိုင်ငံရေးပဋိပက္ခတွင် ပါဝင်နေသည့်အဖွဲ့စည်းအားလုံးကို တိုက်တွန်းတောင်းဆိုသည့် အချက်များလည်း တိုးတက်မှုမရှိသေးကြောင်း ဝေဖန်ပြောဆိုခဲ့သည်။
အမေရိကန်နိုင်ငံသည် အဆိုပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးအတွင်း မြန်မာနိုင်ငံမှ လေယာဉ်ဆီများရရှိနေခြင်းကို တားဆီးရပ်တန့်နိုင်ရန် တွန်းအားပေးဆောင်ရွက်ခဲ့ကြောင်း လုံခြုံရေးကောင်စီနှင့်နီးစပ်သော သတင်းအရင်းမြစ်က ပြောသည်။
ကောင်းထက်ငွေ
standard.com
မြန်မာအရေးနှင့်ပတ်သက်ပြီး ကုလမသဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများကြား သဘောထားကွဲလွဲမှုများဖြစ်ပေါ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်