ရန်ကုန်၊ နိုဝင်ဘာ ၈
အင်ဒိုနီးရှားအစိုးရမှ ယခုနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၅ သန်း ထပ်မံတင်သွင်းရန် စားသောက်ကုန်ဖြန့်ဖြူးရေးနှင့် ဈေးနှုန်းထိန်းချုပ်ရေးအဖွဲ့အစည်း Bulog ကို ထပ်မံတာဝန်ပေး အပ်ထားကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
လက်ရှိတွင် Bulog သည် နိုင်ငံလေးနိုင်ငံနှင့် ဆန်တန်ချိန်တစ်သန်းအတွက် တင်သွင်းခွင့်စာချုပ်များ ချုပ်ဆိုထားကြောင်း သိရသည်။ အဆိုပါ နိုင်ငံလေးနိုင်ငံမှာ ထိုင်း၊ ဗီယက်နမ်၊ မြန်မာနှင့် ပါကစ္စတန်နိုင်ငံတို့ဖြစ်ကြောင်း သိရသည်။
“ လက်ရှိမှာ ထုတ်လုပ်မှုများပြားနေဆဲ နိုင်ငံများဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ပါကစ္စတန်၊ မြန်မာနိုင်ငံတို့နဲ့ စာချုပ်များချုပ်ဆိုထားပါတယ်။ အိန္ဒိယ၊ ကမ္ဘောဒီးယားနဲ့ ဖြစ်နိုင်ချေရှိတဲ့ အခြားနိုင်ငံတွေကိုလည်း လေ့လာစုံစမ်းနေပါတယ်။” ဟု သောကြာနေ့ (နိုဝင်ဘာ ၃) က ထုတ်ပြန်သည့်ကြေညာချက်၌ ဖော်ပြထားသည်။
၎င်းတို့အနေဖြင့် စုစုပေါင်းတန်ချိန် တစ်သန်းခွဲ တင်သွင်းမည်ဖြစ်ကြောင်း၊ တန်ချိန်ငါးသိန်း လိုအပ်နေဆဲဖြစ်သော်လည်း ပြည်တွင်းလိုအပ်ချက်များအရ ချိန်ညှိပေးသွားမည်ဖြစ် သဖြင့် တကယ်လိုအပ်မှသာ ကျန်သည့်တန်ချိန် ငါးသိန်းကို တင်သွင်းမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် Bulog က ထိန်းချုပ်ထားသည့် ဆန်တန်ချိန် ၁ ဒသမ ၄၅ သန်းရှိ ပြီး လက်ရှိဆန်ဈေးနှုန်းနှင့်ပတ်သက်၍ အထူးကြပ်မတ်စောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆန်ဈေးနှုန်းများ မြင့်တက်လာရခြင်းမှာ အယ်နီညို ဘေးအန္တရာယ်နှင့် စိုက်ပျိုးရာသီသို့ စတင်ဝင်ရောက်သည့် ပြည်တွင်းအခြေအနေတို့ကဲ့သို့သော ပြင်ပနှင့် ပြည်တွင်းအခြေအနေ များကြောင့်ဖြစ်ကြောင်း ကြေညာချက်အရ သိရသည်။
“ အခုကတော့ စာချုပ်ချုပ်ထားတာ မှန်ပါတယ်။ ဘယ်တော့လောက် တင်ပို့မယ်ဆိုတာတော့ မပြောနိုင်သေးဘူး။ ပင်လယ်ရေကြောင်းကနေပဲ တင်ပို့သွားမှာပါ။” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုဘဏ္ဍာနှစ်ဖြစ်သည့် ဧပြီလမှ အောက်တိုဘာလအတွင်း ပြည်ပသို့ ဆန်တန်ချိန် ငါးသိန်းရှစ်သောင်းကျော်တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၇၁ သန်းရရှိထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန်နှစ်သန်း တင်ပို့နိုင်ရန် မျှော်မှန်းထားသည်။
ဓာတ်ပုံ – အင်တာနက်
မြန်မာအပါအဝင် နိုင်ငံလေးနိုင်ငံမှ ဆန်တန်ချိန်တစ်သန်း အင်ဒိုနီးရှား ဝယ်ယူမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်