မြန်မာသူရ ကျောက်မျက်ကုမ္ပဏီဝန်းအတွင်း လုံခြုံရေးယူထားသော်လည်း ရေမဆေးသမားများ ခြံဝန်းရှေ့၌ စောင့်ဆိုင်းနေဆဲ ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၂၇

ကချင်ပြည်နယ်၊ ဖားကန့်-လုံးခင်းသွားလမ်းမပေါ် နမ္မဖြစ်ကျေးရွာအနီးရှိ ချိတ်ပိတ်ခံထားရသည့် မြန်မာသူရ ကျောက်မျက်ကုမ္ပဏီ ခြံဝန်းအတွင်း၌ တိုက်ပွဲ ဖြစ်ပွားပြီးနောက် ထိုခြံဝန်းထဲမှ ကျောက်စိမ်းများအား ရေမဆေးသမာများက ဝင်ရောက်သယ်ယူခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့သယ်ယူနေစဥ် နေ့လည်ပိုင်း၌ နစကဘက်မှ လုံခြုံရေးပြန်လည်ရယူထားသော်လည်း ညပိုင်းအထိ ထိုခြံဝန်း၏ရှေ့၌ ရေမဆေးသမားများက စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

“ ညနေပိုင်း အဲ့ဘက်ကပြန်လာတော့ ရေမဆေးသမားတွေက ခြံရှေ့မှာရှိနေကြသေးတယ်။ ခြံဝန်းတံခါးကြီးက ပိတ်ထားတယ်။ ပစ်ခတ်သံတော့မကြားဘူး။ ခြံထဲမှာ ပေါက်ကွဲသံ လိုလိုတော့ကြားတယ်။” ဟု ယမန်နေ့ ညနေပိုင်းက ဒေသခံတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ ဖြေကြားပေးခဲ့သည်။

အောက်တိုဘာ ၂၅ ရက်၊ ညပိုင်းတွင် မြန်မာသူရ ကျောက်မျက်ကုမ္ပဏီ ခြံဝန်းအတွင်း လုံခြုံရေးယူထားသည့် နစကတပ်များနှင့် ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တို့ နှစ်ဖက်တိုက် ပွဲဖြစ်ပွားခဲ့ပြီးနောက် အောက်တိုဘာ ၂၆ ရက် နံနက်တွင် မြန်မာသူရ ကျောက်မျက်ကုမ္ပဏီ ခြံဝန်းအတွင်းရှိ ကျောက်စိမ်းများအား ရေမဆေးကျောက်ရှာဖွေသူများမှ လာရောက်ယူ ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ အရမ်းကောင်းတဲ့ ​ကျောက်တွေမဟုတ်ပါဘူး။ ဒေသအခေါ်ဆို အောက်ကျောက်ပေါ့။ အဲ့ဒီခြံပိုင်ရှင်က ဖမ်းခံထားရတာ။ သူ့ကိုဖမ်းပြီးနောက်ပိုင်း ခြံကိုချိတ်ပိတ်ပြီး အစောင့်တွေချ ထားတာပါ။” ဟု ဒေသခံတစ်ဦးက ပြောသည်။

မြန်မာသူရ ကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးကျော်သူရအား ၂၀၂၁ ခုနှစ်၊ နိုင်ငံရေးဖြစ်စဥ်တွင် အားပေးကူညီသည်ဟုဆိုကာ နစကမှ ဖမ်းဆီးထားပြီးနောက် ၎င်း၏ပိုင်ဆိုင်မှုများအား ချိတ်ပိတ်သိမ်းဆည်းထားကာ မြန်မာသူရကုမ္ပဏီကိုလည်း လုံခြုံရေးအပြည့်အဝချထားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဂျူဂျူး

ဓာတ်ပုံ – နောင်ရိုး

#ယနေ့ခေတ်

မြန်မာသူရ ကျောက်မျက်ကုမ္ပဏီဝန်းအတွင်း လုံခြုံရေးယူထားသော်လည်း ရေမဆေးသမားများ ခြံဝန်းရှေ့၌ စောင့်ဆိုင်းနေဆဲ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.