မြန်မာနှင့် ရုရှား ပထမဆုံးအကြိမ် ရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင်မည် ဟုဆို

မော်စကို၊ နိုဝင်ဘာ ၅

ရုရှားနှင့် မြန်မာနိုင်ငံတို့ ရေတပ်တပ်ဖွဲ့ချင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်းများကို ပထမဆုံးအကြိမ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ် ပြန်လိုက်သည်။

ရုရှားရေတပ်ဦးစီးချုပ် Nikolai Yevmenov သည် ခေတ်သစ်သမိုင်းတွင် ရုရှားနှင့် မြန်မာနိုင်ငံကြား ရေတပ်ပူးတွဲလေ့ကျင့်ခန်း ဖွင့်ပွဲအခမ်းနား တက်ရောက်ရန်အတွက် မြန်မာနိုင်ငံ သို့ရောက်ရှိနေကြောင်း ရုရှားစစ်ဘက်ကပြောသည်။

ရုရှားကာကွယ်ရေးဝန်ကြီးက “ ရုရှားရေတပ်ဦးစီးချုပ်ဟာ မြန်မာနိုင်ငံကို အလုပ်သဘော ချစ်ကြည်ရေးခရီး သွားရောက်ခဲ့တယ်။ ရုရှားရေတပ်ဦးစီးချုပ်ဟာ မြန်မာနိုင်ငံခရီးစဉ် အတွင်း မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ခေတ်သစ်သမိုင်းမှာ ရုရှားနဲ့ မြန်မာနိုင်ငံကြား ပထမဆုံးအကြိမ် ရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်း ဖွင့်ပွဲကိုလည်း တက်ရောက်မှာပါ။ ရုရှားစစ်သင်္ဘောတွေဟာ အဲဒီ စစ်ရေးလေ့ကျင့်ခန်းမှာပါဝင်ဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။” ဟု ပြောသည်။

မြန်မာနိုင်ငံသို့ ရုရှားရေတပ်ဦးစီးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့များ သွားရောက်လည်ပတ်ခြင်း၏ အဓိကရည်မှန်းချက်တစ်ခုက ရုရှားနှင့် မြန်မာနိုင်ငံကြား ရေတပ်ချင်း ပူးပေါင်း ဆောင်ရွက်မှု ပိုမိုကောင်းမွန်စေရန်ဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ရုရှားနိုင်ငံ၏ ပစီဖိတ်သင်္ဘောအုပ်စုမှ ကြီးမားသောဖျက်သင်္ဘောများဖြစ်သော “ Admiral Tributs” သင်္ဘောနှင့် “ Admiral Panteleev” သင်္ဘောတို့သည် မြန်မာနိုင်ငံ၊ သီလဝါဆိပ် ကမ်းကို ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ရုရှားရေတပ် Russian Pacific Fleet မှ Captain 1st Rank Aleksei Anciferov ဦးစီး၍ အရာရှိ၊ စစ်သည်စုစုပေါင်း ၈၀၀ ဦးခန့် လိုက်ပါလာပြီး ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာလည်ပတ်ခြင်း၊ နှစ်နိုင်ငံချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းနှင့် ဆိပ်ကမ်းအခြေပြု လေ့ကျင့်ခန်း ဆောင်ရွက်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ရုရှားနှင့် မြန်မာနိုင်ငံကြား ဆက်ဆံရေးသည် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ပိုမိုကောင်းမွန်လာခဲ့ပြီး ယခုနှစ်အတွင်း ရုရှားနှင့် မြန်မာနိုင်ငံတို့က အာဆီယံအဖွဲ့ အကြမ်းဖက်မှု တိုက် ဖျက်ရေး ကွပ်ကဲမှုလေ့ကျင့်ခန်းကို ပူးတွဲသဘာပတိအဖြစ် တာဝန်ယူခဲ့ပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း သိရသည်။

#ကောင်းထက်ငွေ

thestar.com.my

#ယနေ့ခေတ်

မြန်မာနှင့် ရုရှား ပထမဆုံးအကြိမ် ရေတပ်ချင်း ပူးတွဲစစ်ရေးလေ့ကျင့်ခန်း လုပ်ဆောင်မည် ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.