မြန်မာနေရပ်စွန့်ခွာသူများကို အကူညီပေးရန်အတွက် ထိုင်းနိုင်ငံ၏အဆိုပြုချက်ကို အာဆီယံသဘောတူ ဟုဆို

ဗီယန်ကျန်း၊ ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာသူများကို လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးနိုင်ရန် စီစဉ်မည့် ထိုင်းအစိုးရ၏အဆိုပြုချက်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား လက်ခံသဘောတူညီခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးသည် လာအိုနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း မြန်မာနေရပ်စွန့်ခွာသူများကို လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးနိုင်မည့် စင်တာတစ်ခုဖွင့်လှစ်ရန် အဆိုပြုခဲ့ကြောင်း သိရသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ထိုင်းနိုင်ငံ၏အဆိုပြုချက်ကို လက်ခံသဘောတူညီခဲ့သည့်အတွက် လာမည့်ဖေဖော်ဝါရီလအတွင်း ထိုင်းနှင့် မြန်မာနိုင်ငံနယ်စပ်ဒေသတွင် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာသူများနှင့် မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာနေရသူများကို လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးနိုင်မည့်လုပ်ငန်းများ စတင်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

နှစ်ရက်ကြာကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးအတွင်း ဥက္ကဌအဖြစ်တာဝန်ယူခဲ့သော လာအိုနိုင်ငံခြားရေးဝန်ကြီးက “ မြန်မာနိုင်ငံနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား စေ့စပ်ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်။ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာအဖွဲ့စည်းတွေအပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား အပြန်အလှန်နားလည်မှု ပိုမိုကောင်းမွန်စေဖို့၊ ရှိပြီးသားနားလည်မှုတွေ ပိုမိုလေးနက်ခိုင်မာစေဖို့ လုပ်ဆောင်သွားရမယ်။” ဟု ပြောသည်။

လာအိုနိုင်ငံအနေဖြင့် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူချိန်အတွင်း နစကနှင့် စေ့စပ်ဆွေးနွေးမှုများ ပိုမိုလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောဆိုသည်။

လာအိုနိုင်ငံသည် အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်ခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံသို့စေလွှတ်ခဲ့ကာ နစက အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးစေခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနှင့် အင်ဒိုနီးရှားနိုင်ငံတို့က အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူချိန်အတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို မြန်မာကိုယ် စားပြု စေလွှတ်ခဲ့ခြင်းမရှိခဲ့သော်လည်း လာအိုနိုင်ငံတွင် ဇန်နဝါရီ ၂၈ ရက်နေ့က ကျင်းပခဲ့သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ရန် ကိုယ်စားလှယ်စေလွှတ်ခဲ့ကြောင်း သိရသည်။

ကောင်းထက်ငွေ

kyodonews.net/news

မြန်မာနေရပ်စွန့်ခွာသူများကို အကူညီပေးရန်အတွက် ထိုင်းနိုင်ငံ၏အဆိုပြုချက်ကို အာဆီယံသဘောတူ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.