မြန်မာနေရပ်စွန့်ခွာသူများထဲမှ ၃၈ ဦးကို အိန္ဒိယအစိုးရက မိခင်နိုင်ငံသို့ ပြန်ပို့

နယူးဒေလီ၊ မေ ၃

အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ နေရပ်စွန့်ခွာကာ လာရောက်ခိုလှုံနေသည့် မြန်မာနိုင်ငံသားများကို မေလ ၂ ရက်နေ့တွင် အိန္ဒိယအစိုးရက မိခင်နိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ်က ထုတ်ဖော်ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးအာဏာ အငြင်းပွားမှုများဖြစ်လာခဲ့ပြီးနောက်ပိုင်း တိုက်ပွဲများဖြစ်လာခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသားများသည် နယ်စပ်ဖြတ်ကျော်ကာ အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ သွားရောက်နေထိုင်ခဲ့ရကြောင်း သိရသည်။

မဏိပူရပြည်နယ် အစိုးရအဖွဲ့သည် ၎င်းတို့ပြည်နယ်အတွင်း တရားမဝင်နေထိုင်နေသည့် မြန်မာနိုင်ငံသားများထဲမှ ၇၇ ဦးကို ပြန်ပို့ရန်စီစဉ်ထားပြီး မေလ ၂ ရက်နေ့က အနည်းဆုံး ၃၈ ဦးကို မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ် အန်ဘီရမ်ဆင်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

မဏိပူရပြည်နယ်ဝန်ကြီးချုပ်က “ ကျွန်တော်တို့ဟာ ခွဲခြားမှုမရှိဘဲ မြန်မာနိုင်ငံက တရားမဝင်လာရောက်နေထိုင်သူတွေထဲက ပထမအသုတ်ကို ပြန်ပို့ခဲ့တယ်။ မဏိပူရပြည်နယ်အစိုး ရဟာ ပြည်နယ်အတွင်းတရားမဝင်နေထိုင်တဲ့ မြန်မာနိုင်ငံသားတွေကို ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို ခွဲခြားအတည်ပြုတဲ့လုပ်ငန်းတွေလည်း ဆက်လက်လုပ်ကိုင်နေတယ်။” ဟုပြောသည်။

မြန်မာအစိုးရကလည်း အိန္ဒိယနိုင်ငံသားတစ်ဦးကို ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ်က ပြောသည်။

မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် တိုက်ပွဲများဖြစ်ပွားလာခဲ့ပြီးနောက် အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်ဒေသများတွင် ခြံစည်းရိုးခတ်ခြင်းနှင့် နှစ်နိုင်ငံနယ်စပ်များကို ဗီဇာမလိုဘဲသွားလာခွင့်ပြုသော စည်းကမ်းများ ပြန်ရုတ်သိမ်းခြင်းများကို လုပ်ကိုင်ရန်စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဏိပူရပြည်နယ်အစိုးရသည် ၎င်းတို့ပြည်နယ်အတွင်း တရားမဝင်နေထိုင်နေသည့် မြန်မာနိုင်ငံသားများ ပြန်ပို့သောလုပ်ငန်းစဉ်ကို မတ်လတွင်စတင်ခဲ့ကြောင်း အိန္ဒိယအစိုးရက ပြောသည်။

အိန္ဒိယနိုင်ငံသည် နေရပ်စွန့်ခွာလာသူများကို ကာကွယ်ပေးမည့် ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ ဥပဒေများကို လက်မှတ်ရေးထိုးခြင်းမရှိသလို အိန္ဒိယနိုင်ငံဥပဒေများထဲတွင်လည်း နေရပ်စွန့်ခွာလာသော ဒုက္ခသည်များကို ကာကွယ်ပေးမည့်ဥပဒေများ သတ်မှတ်ထားခြင်းမျိုးမရှိကြောင်း သိရသည်။

ကောင်းထက်ငွေ

ucanews.com/news

မြန်မာနေရပ်စွန့်ခွာသူများထဲမှ ၃၈ ဦးကို အိန္ဒိယအစိုးရက မိခင်နိုင်ငံသို့ ပြန်ပို့ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.