ဂျာကာတာ၊ နိုဝင်ဘာ ၂၅
အင်ဒိုနီးရှားနိုင်ငံသည် မြန်မာလက်နက်ကိုင် ပဋိပက္ခများတွင် ပါဝင်နေသော အဖွဲ့စည်းများနှင့်အတူ အပြုသဘောဆောင်သော တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ NUG ကိုယ်စားလှယ်များနှင့် နစကကိုယ်စားပြု ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြောင်းသိရသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာအရေးနှင့်ပတ်သက်ပြီး တွေ့ ဆုံဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ကြောင်း သတင်းထုတ်ပြန်ထားသော်လည်း အဆိုပါ ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး ရလဒ်များကို အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက “ အဓိကရည်ရွယ်ချက်ကတော့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သက်ရောက်မှုခံစားနေရတဲ့ ပြည်သူတွေအတွက် လူသားချင်းဆိုင်ရာ အကူညီပေးနိုင်ဖို့ အကြမ်းဖက်မှုတွေ လျော့ချနိုင်ဖို့နဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့ ပဋိပက္ခတွေမှာ ပါဝင်နေတဲ့ အဖွဲ့စည်းတွေကို ဖိတ်ခေါ်ဆွေးနွေးခဲ့ တာပါ။ အာဆီယံဥက္ကဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ရုံးဟာ အဖွဲ့တစ်ဖွဲ့ချင်းစီကို မက်ဆေ့ချ်ပေးပို့ ဆွေးနွေးခဲ့ပြီး ကနဦးတွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာအောင် လုပ်ခဲ့ တာပါ။ အခက်အခဲတွေကို ကျယ်ကျယ်ပြန့်ပြန် ဖြေရှင်းနိုင်ဖို့အတွက် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်လာဖို့ ဦးတည်ဆောင်ရွက်ခဲ့တာပါ။အစည်းအဝေးကို တက်ရောက်လာ တဲ့ အဖွဲ့စည်းအားလုံးဟာ မကြာမီမှာ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်လာစေဖို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးပြောဆိုမှုတွေရှိခဲ့တယ်။” ဟု သတင်းထုတ်ပြန်ထားသည်။
အာဆီယံအလှည့်ကျဥက္ကဌ၏ အထူးကိုယ်စားလှယ်ရုံးမှ သံအမတ်ကြီးတစ်ဦးဖြစ်သူ အမ်ဂူရာ ဆဝါဂျာယာက “ မြန်မာနိုင်ငံမှာ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး ပြန်လည်ရရှိစေဖို့အ တွက် ပြီးပြည်စုံတဲ့ နိုင်ငံရေးအဖြေတစ်ခုရှာဖို့ မြန်မာပြည်သူတွေကို ကူညီပေးသွားမယ်လို့ ကတိပြုပါတယ်။” ဟု ပြောသည်။
အာဆီယံအဖွဲ့သည် မြန်မာနိုင်ငံရေးအခက်ခဲကို ဖြေရှင်းနိုင်ရန် ကြားဝင်ဆောင်ရွက်ခဲ့ပြီး SAC အဖွဲ့ခေါင်းဆောင်နှင့် အာဆီယံသဘောတူညီချက် ငါးချက်ရယူနိုင်ခဲ့သော်လည်း သုံးနှစ်နီးပါးရှိချိန်အထိ သဘောတူညီချက် ငါးချက်ကို သိသာတိုးတက်အောင် အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးကြောင်း ဝေဖန်မှုများ ရှိနေသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သော အောက်တိုဘာ ၂၇ ရက်နေ့က တိုက်ပွဲများစတင်ခဲ့ပြီးနောက် တိုက်ပွဲအရှိန်မြင့်တက်လာခဲ့ရာ လူပေါင်း ၃ သိန်းကျော် နေရပ်စွန့် ခွာခဲ့ရပြီး၊ လက်ရှိအချိန် တွင် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာနေထိုင်နေရသူ လူပေါင်း ၂ သန်းကျော်ရှိနေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံ၏ အဓိကအဖွဲ့စည်းများနှင့် အပြုသဘောဆောင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများကို အင်ဒိုနီးရှားက အိမ်ရှင်အဖြစ် လက်ခံကျင်းပ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်