မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း သုံးနှစ်အကြာတွင် နိုင်ငံ၏စီးပွားရေးသည် ၁၀ ရာခိုင်နှုန်းခန့် ကျုံ့သွားခဲ့သောကြောင့် အရှေ့အာရှတွင် မြန်မာနိုင်ငံတစ်နိုင်ငံတည်းသာလျှင် ကမ္ဘာ့ကပ်ရောဂါမတိုင်မီ ယခင်စီးပွားရေးလုပ်ငန်းအခြေအနေသို့ ပြန်မရောက်သေးသည့် နိုင်ငံဖြစ်လာခဲ့ကြောင်း ကမ္ဘာကုလသမဂ္ဂက ပြောသည်။
စစ်ပွဲများအရှိန်မြင့်လာပြီး စီးပွားရေး၊ နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများလည်း ပိုဆိုးရွားလာသောကြောင့် မိသားစုများစွာသည် ငွေကြေးဒုက္ခရောက်ရသည့်အပြင် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းများလည်း အဆုံးစွန်အခြေအနေသို့ရောက်လာခဲ့ကြောင်း ကုလသမဂ္ဂက ပြောသည်။
အထူးသဖြင့် အမျိုးသမီးများသည် ထိခိုက်လွယ်သူများဖြစ်ပြီး အခြေအနေများသည် ကျား-မ ရေးရာ (Gender)တန်းတူညီမျှရေးနှင့် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ တိုးတက်မှုများတွင် ဆုတ်ယုတ်ကျဆင်းသည့်အခြေအနေသို့ ဦးတည်လာခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသမီးများသည် လုပ်သင့်သည့်အရာဟူသည့် ရိုးရာအစဉ်အလာ စံသတ်မှတ်ချက်များက ၎င်းတို့ကို ကျွမ်းကျင်မှုလိုအပ်သည့် အလုပ်အကိုင်များနှင့် စက်မှုလုပ်ငန်းများ၊ ခေါင်းဆောင်နေရာများသို့ လက်လှမ်းမီရရှိမှုတွင် အတားအဆီးများဖြစ်စေသောကြောင့် ၎င်းတို့သည် လစာနည်းပါးသည့် အလုပ်အကိုင်များတွင်သာ နေရာရရှိကြောင်း သိရသည်။
ထို့အပြင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း အထိခိုက်ဆုံး အလုပ်အကိုင်ကဏ္ဍများတွင်လည်း အမျိုးသမီးများပါဝင်နှုန်းသည် လိုအပ်သည်ထက် အဆမတန် ပိုများနေပြီး အမျိုးသမီး အလုပ်လက်မဲ့နှုန်းသည် ၂၀၁၇ ခုနှစ်တွင် ၂ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင်၁၀ ရာခိုင်နှုန်းအထိ များလာသောကြောင့် ၅ ဆတက်လာခဲ့ကြောင်း ကမ္ဘာကုလသမဂ္ဂက ပြောသည်။
မြန်မာနိုင်ငံတွင် အလွန်များပြားသည့် အံ့ဩဖွယ်အရေအတွက်ဖြင့် အမျိုးသမီးနှင့် မိန်းကလေးငယ်ဦးရေ ၉.၇ သန်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များရှိနေပြီး တုံ့ပြန်ဖြေရှင်းဆောင်ရွက်ရန်အတွက် အမျိုးသမီးရေးရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှာ မရှိမဖြစ်အလွန်အရေးကြီးကြောင်း ကုလသမဂ္ဂက ပြောသည်။
ကောင်းထက်ငွေ
myanmar.un.org/en
မြန်မာနိုင်ငံ၏စီးပွားရေးသည် ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ပွားခင် အခြေအနေမျိုးသို့ ပြန်လည်မရောက်ရှိသေးဟု ကုလသမဂ္ဂ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်