ဝါရှင်တန်၊ ဇွန် ၁၃
တိုက်ပွဲများဖြစ်ပွားနေခြင်း၊ မိုက်ခရိုစီးပွားရေးမတည်ငြိမ်ခြင်း၊ ထုတ်လုပ်မှုပိုင်း အကန့်သတ်များရှိနေခြင်းများကြောင့် မြန်မာနိုင်ငံ၏စီးပွားရေးသည် ကြီးမားသောစိန်ခေါ်မှုများ ဆက်ရှိမည်ဖြစ်သလို စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပိုင်း အားနည်းမည်ဟု မျှော်လင့်ရကြောင်း ကမ္ဘာဘဏ်က ဇွန်လ ၁၂ ရက်နေ့က ထုတ်ပြန်လိုက်သော Myanmar Economic Monitor အမည်ရှိ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုအပြင်၂၀၂၅ ခုနှစ်၊ မတ်လတွင်ကုန်ဆုံးမည့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှုနှုန်းသည် ၁ ရာခိုင်နှုန်းသာ တိုးတက်ဖွယ်ရှိနေပြီး ပြီးခဲ့သော ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလက ခန့်မှန်းမှုထက်နှိုင်းယှဉ်လျှင် လျော့နည်းလာခဲ့ကြောင်း သိရသည်။
ကမ္ဘာဘဏ်သည် ပြီးခဲ့သောဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာဖွယ်ရှိနေသည်ဟု ခန့်မှန်းခဲ့ဖူးသော်လည်း လက်ရှိအစီရင်ခံစာထဲတွင် ၁ ရာခိုင်နှုန်းသာရှိမည်ဟု ပြောင်းလဲခန့်မှန်းလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် စီးပွားရေးနှင့် မြန်မာပြည်သူများသည် စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပြီး ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းနှင့် အလုပ်ကိုင်မရရှိမှု မြင့်တက်ခြင်းများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ကမ္ဘာဘဏ်ကဖော်ပြထားသည်။
ပြည်ပမှတင်သွင်းသော သွင်းအားစုလိုအပ်ခြင်း၊ အလုပ်သမားဈေးကွက်အခက်ခဲများနှင့် လျှပ်စစ်ဓါတ်အား လိုအပ်ချက်များက မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးလုပ်ငန်းများကို အခက်ခဲများဖြစ်လာစေခဲ့ကြောင်း ကမ္ဘာဘဏ်၏အစီရင်ခံစာထဲတွင် ဖော်ပြထားည်။
ကမ္ဘာဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့၏ ဌာနကိုယ်စားလှယ်တစ်ဦးဖြစ်သူ မာရီယမ်ရှာမန်က “ နေရပ်စွန့်ခွာမှုတွေ၊ အလုပ်လက်မဲ့ပြသာနာတွေ၊ ဝင်ငွေဆုံးရှုံးမှုတွေ ကျယ်ပြန့်စွာဖြစ်လာခဲ့တယ်။ စီးပွားရေးတိုးတက်မှုနှုန်းက ဆက်လက်အားနည်းနေတယ်။” ဟု ပြောသည်။
ကောင်းထက်ငွေ
miragenews.com
မြန်မာနိုင်ငံ၏စီးပွားရေးစိန်ခေါ်မှုများ ဆက်လက်ရှိနေမည်ဟု ကမ္ဘာဘဏ်ဖော်ပြ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်