မြန်မာနိုင်ငံအတွင်း စစ်ဘေးရှောင်သူဦးရေ ၃ သန်းခန့်ရှိလာ ဟုဆို

ရန်ကုန်၊ ဇူလိုင် ၃

မြန်မာနိုင်ငံတွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူ စစ်ဘေးရှောင်လူဦးရေ ၃ သန်းခန့်ရှိလာကြောင်း OCHA Myanmar ၏ ယနေ့ နေ့စွဲဖြင့်ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့မှစ၍ မြန်မာနိုင်ငံတွင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နှင့် နစကတပ်တို့အကြား တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး ဒေသအတွင်း နေရပ်စွန့်ခွာသူ စစ်ဘေးရှောင်လူဦးရေ ၃ သန်းခန့်ရှိလာကာ၊ အိုးအိမ်များလည်း ပျက်စီးဆုံးရှုံခဲ့ရကြောင်း သိရသည်။

“စစ်ပွဲတွေက နေရာတိုင်းမှာပြန်ဖြစ်နေတော့ သွားလာဖို့က အဆင်မပြေဘူးလေ။ အခုဆို စစ်ရှောင်နေရတာ ခြောက်လလောက်ရှိနေပြီ။ ပြန်မယ်လို့လုပ်ပြန်တော့လည်း တိုက်ပွဲက ထဖြစ်။ မိုးမိတ်ကိုပြန်ဖို့ ကားလက်မှတ်ကလည်း ဖြတ်ပြီးပြီ။ ကားလမ်းတွေပိတ်ထားတယ်ဆိုလို့ အခုထိမပြန်နိုင်။ မန္တလေးမှာ မပြန်ရတဲ့သူက ၃၀ လောက်ရှိမယ်။ လာချင်ကြတဲ့သူတွေကလည်းရှိတာပေါ့နော်။ လမ်းကြောင်းတွေပိတ်ထားတော့ လာမရဘူးလေ။” ဟု မိုးမိတ်မြို့မှ စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် တကျော့ပြန်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်အချို့ နေရပ်မပြန် နိုင်သေး၍ စစ်ဘေးလွတ်ရာသို့ တိမ်းရှောင်နေရပြီး နေအိမ်းများလည်းပျက်စီးခဲ့ကြောင်း သိရသည်။

“အခုဆို ကျောက်မဲက တစ်နေရာမှာဆို စစ်ဘေးရှောင်က ၁၀၀၀ နီးပါးရှိကြတယ်။ တစ်ချို့ဆို ၇၀၀၊ ၈၀၀ အထိရှိတယ်။ ဒီနေ့ငြိမ်နေပေမဲ့လည်း ပြည်သူတွေကမပြန်နိုင်ဘူး။ နေအိမ်ပေါ်လက်နက်ကြီးကျည်ကျပြီး သေးဆုံးရတာနဲ့။ အိမ်ပါပျက်စီးတဲ့သူတွေလည်းရှိတယ်။ လက်နက်ကြီးကျည်ကျလို့ အိမ်ပျက်သူကလည်း မပြန်နိုင်။ ဒီမှာပဲ စစ်ရှောင်နေရတာ။” ဟု စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရှမ်းပြည်နယ်(မြောင်းပိုင်း)၊ ကချင်ပြည်နယ်၊ မိုးကုတ်နှင့် မန္တလေးမြို့တို့တွင် တကျော့ပြန်တိုက်ပွဲများကြောင့် သံဃာတော်များနှင့် သီလရှင်းများအပါအဝင် ဒေသခံများသောင်းချီကာ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး၊ လက်နက်ကြီးကျည်များကျရောက်မှုကြောင့် သေဆုံးများလည်းရှိခဲ့ကာ အိုးအိမ်များပါပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲများကြောင့် နိုင်ငံအနှံ့ မြေမြှုပ်မိုင်းများပျံ့နှံ့နေပြီး၊ ပေါက်ကွဲစေတတ်သည့် စစ်လက်နက်အကြွင်းအကျန်များကြောင့် ဒေသခံ ၁၀၀၀ ကျော် ထိခိုက်ဒဏ်ရာများရှိခဲ့ကြောင်း သိရသည်။

ချစ်ချစ်ခိုင်

ဓာတ်ပုံ-CJ (ပုံဟောင်း)

ယနေ့ခေတ်

မြန်မာနိုင်ငံအတွင်း စစ်ဘေးရှောင်သူဦးရေ ၃ သန်းခန့်ရှိလာ ဟုဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.