မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည့် စစ်ပွဲများကြောင့် စစ်ဒဏ်ခံနေရသည့်ဒေသခံများ အကူအညီများလိုအပ်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၉

မြန်မာနိုင်ငံအတွင်းရှိ နေရာအချို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံများ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းနေရပြီး အခက်အခဲများရှိကာ အကူအညီများလိုအပ်နေကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်နေ့မှစ၍ ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် တကျော့ပြန်တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းကြောင့် ဒေသခံများ အရေးပေါ် အကူအညီများလိုအပ်နေပြီး၊ အ ခက်အခဲများလည်းရှိနေကြောင်း သိရသည်။

“အခုတော့ ကူညီမှုတွေက မရသေးပါဘူး။ ကိုယ်ထူကိုယ်ထပဲသွားနေကြတာပါ။ အခက်အခဲတွေကတော့ စစ်ပြီးရင်လည်း အလုပ်အကိုင်တွေနဲ့ နေရာထိုင်ခင်းအခက်အခဲနဲ့ စားနပ်ရိက္ခာတွေ လိုအပ်နေတာတွေရှိနေကြတယ်။ တိုက်ပွဲက ဒီဇင်ဘာ ၄ ရက်နေ့လောက်က စဖြစ်တာ။” ဟု ဗန်းမော်မြို့မှ စစ်ဘေးရှောင်တစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ဗန်းမော်မြို့တွင် KIA, PDF တပ်များနှင့် နစကတပ်တို့ တကျော့ပြန်တိုက်ပွဲများ ပြင်ထန်နေခြင်းကြောင့် အရပ်သားသေဆုံးမှု၊ ဒဏ်ရာရှိမှုများလည်းရှိနေကြောင်း သိရသည်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုမြို့အတွင်း နှစ်ဖက်တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီးနောက် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်အချို့လည်းရှိနေပြီး ၎င်းစစ်ဘေးရှောင်များအတွက် အကူအညီးများနှင့် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း သိရသည်။

“လားရှိုးကိုမပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်က ၂၀၀ ဝန်းကျင်လောက်တော့ရှိမယ်။ ကလောရေကြီးမူဖြစ်ပြီးနောက်ပိုင်းတော့ အကူအညီတွေက ကျွန်တော်တို့ဘက်ကို မရောက်ဖြစ်တော့ဘူးနော်။ ကျွန်တော်တို့ ကျေးသီးမှာရှိတဲ့ ဒေသခံတွေကိုပဲ အားကိုပြီးတော့နေရတာပေါ့နော်။ နယ်ဝေးကနေလည်း လှူတဲ့သူတွေတော့ရှိတာပေါ့နော်။ လှူတဲ့သူတွေရှိတဲ့နေဆိုရင်တော့ အဆင်ပြေပါတယ်။ မရှိတဲ့နေဆိုရင်တော့ ဒီလိုမျှဝေစားကြတယ်။” ဟု တောင်ကြီး မြို့မှ စစ်ဘေးရှောင်များကို ကူညီနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ရခိုင်ပြည်နယ်၊ သံတွဲ၊ ငပလီနှင့် ကျိန္တလီတို့တွင် စစ်ဘေးရှောင် ၂၀,၀၀၀ ကျော်ခန့်ရှိနေပြီး အကူအညီးများလိုအပ် နေကာ၊ ကလေးငယ်များ အာဟာရဓာတ်ချို့တည့်မှုများလည်းရှိနေပြီး၊ အရေပြားရောဂါများပါ ဖြစ်ပေါ်နေကြောင်း သိရသည်။

“သံတွဲ၊ ငပလီနဲ့ ကျိန္တလီတို့ပေါင်းရင်တော့ စစ်ဘေးရှောင် ၂၀,၀၀၀ ကျော်လောက်တော့ရှိတယ်။ အခက်အခဲတွေက အလှူရှင်ရှိရင် ရှိသလိုတော့ ကူညီတာပေါ့နော်။ မရှိရင်တော့ မရှိသလိုပေါ့နော်။ အဓိကလိုအပ်တာကလည်း ဆန်၊ ဆီ၊ ဆား၊ ဆေးဝါးပေါ့နော်။ ကလေးတွေဆို အာဟရချို့တည့်တာတွေရှိတယ်။ ယာနာတွေပေါက်တာရှိတယ်။ ဆပ်ပြာတွေကလည်း စျေးကြီးတယ်။ ဆေးဝါးတွေကရှိပေမဲ့လည်း စျေးကြီးတယ်။” ဟု စစ်ရှောင်များကို ကူညီနေသူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

မြန်မာနိုင်ငံတွင် ကျယ်ပြန့်လာသည့် ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၃ ဒသမ ၅ သန်းနီးပါးရှိနေကြောင်း UN OCHR Myanmar မှ ထုတ်ပြန်ထားချက်အရ သိရ သည်။

မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး စားနပ်ရိက္ခာမလုံလောက်မှုအခြေအနေ ကြုံတွေ့နေရပြီး ပဋိပက္ခ၊ စီးပွါးရေးပြိုလဲမှုနှင့် ဘေးအန္တရာယ်များကြောင့် အခြေခံစားဝတ်နေရေးပြေလည်ရန် ရုန်းကန်နေရပြီး၊ ၂၀၂၅ ခုနှစ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းများက လူဦးရေ ၁ ဒသမ ၈ သန်းကို အရေးပေါ်စားနပ်ရိက္ခာ ကူညီထောက် ပံ့မှုများ စီစဉ်ထားကြောင်း UN OCHR Myanmar မှ ထုတ်ပြန်ချက်များအရ သိရသည်။

#ချစ်ချစ်ခိုင်

ဓာတ်ပုံ-ငပလီကမ်းခြေစုပေါင်းပရဟိတအဖွဲ

#ယနေ့ခေတ်

မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည့် စစ်ပွဲများကြောင့် စစ်ဒဏ်ခံနေရသည့်ဒေသခံများ အကူအညီများလိုအပ်နေ အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.