ရန်ကုန်၊ မေ ၂၀
လူမှုကွန်ရက်စာမျက်နှာအချို့တွင် မြန်မာပြည်သို့ ဆိုင်ကလုန်းမုန်တိုင်း ဦးတည်နေသည်ဟု ကောလဟလသတင်းဖြန့်ဝေခဲ့ပြီး တစ်ပြည်လုံးအတိုင်းအတာဖြင့် မိုးရွာသွန်းမည်ဖြစ်ကြောင်း မေ ၂၀ ရက်နေ့စွဲဖြင့် ပြည်တွင်း မိုးလေဝသနှင့် ဇလဗေဒ လေ့လာစောင့်ကြည့်သူများက ပြောသည်။
“ နေ့အပူရှိန်လွန်ကဲပြီးနောက်ပိုင်းမှာ အချို့က လူမှုကွန်ရက်ကိုအသုံးချပြီး ကောလဟလသတင်းတွေဖြန့်ဝေတယ်။ အဲဒီသတင်းတွေထဲမှာ ဆိုင်ကလုန်းမုန်တိုင်းက မြန်မာပြည်ဘက်ကို ဦးတည်နေတယ်လို့ အများပြည်သူ စိုးထိတ်ဖွယ်ဖြစ်အောင် လုပ်ကြံဖန်တီးရေးသားကြတယ်။ အမှန်တကယ်မဟုတ်ပါဘူး။ အခုရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံမှာ တစ်ပြည်လုံးအတိုင်းအတာနဲ့ မိုးရွာသွန်းသွားမှာပါ။” ဟု ပြည်တွင်း မိုးလေဝသနှင့် ဇလဗေဒ လေ့လာစောင့်ကြည့်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
ထို့ပြင် မေ ၂၀ ရက်နေ့မှ နောက်ထပ် ၄၈ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်တွင် လေဖိအာနည်းရပ်ဝန်း ပိုမိုအားကောင်းလာနိုင်ပြီး၊ မေ ၂၁ ရက်၌ depression၊ မေ ၂၂ ရက်တွင် Deep Depression မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိနိုင်ပြီး၊ မေ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် Remal cyclone မုန်တိုင်းအဆင့်ကို ရောက်ရှိနိုင်ကြောင်း ပြည်တွင်း မိုးလေဝသနှင့် ဇ လဗေဒ လေ့လာစောင့်ကြည့်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။
လက်ရှိမုန်တိုင်းအခြေအနေသည် မြန်မာဘက်သို့ဦးတည်နိုင်သည့် အလားအလားမရှိကြောင်းနှင့် မုန်တိုင်းအန္တရာယ်မရှိသော်လည်း မုန်တိုင်းညာဘက် မုတ်သုန်ဆွဲတင်လေစီးမှ မြန်မာတစ်နိုင်ငံလုံးကို မိုးများရွာသွန်းစေနိုင်လိမ့်မည်ဖြစ်ကြောင်း သိရသည်။
လာမည့် မေ ၂၄ ရက်နှင့် မေ ၂၅ ရက်တို့တွင် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကဒုံး၊ ကနီ၊ ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ၊ ကျိုက်လတ်၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဝါးဘလောက်၊ သောက်ဆိပ်ကြီး၊ ခနောင်တို၊ ဒလ၊ ရန်ကုန်သံလျင်၊ ကျောက်တန်း၊ တံတားမြို့၊ ကဒပ္ပန၊ သုံခွ၊ ခရမ်းနှင့် ပိန်းကန်ကဝဒေသများတွင် မိုးကြီးလေထန်နိုင်ကာ ရုတ်တရက် လေပြင်းနှင့် မိုးကြီးရေလျှံမည်ဖြစ်ကြောင်း ပြည်တွင်း မိုးလေဝသနှင့် ဇလဗေဒ လေ့လာစောင့်ကြည့်သူများက ပြောသည်။
မြင့်မြတ်အောင်မြင်
ဓာတ်ပုံ – ပြည်တွင်း မိုးလေဝသနှင့် ဇလဗေဒ လေ့လာစောင့်ကြည့်သူ
မြန်မာနိုင်ငံသို့ ဆိုင်ကလုန်းမုန်တိုင်း ဦးတည်ခြင်းမရှိ၊ တစ်ပြည်လုံးအတိုင်းအတာဖြင့် မိုးရွာသွန်းမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်