မြန်မာနိုင်ငံသို့ စားနပ်ရိက္ခာအထောက်အပံ့များ WFP ရပ်ဆိုင်းမည်

ရန်ကုန်၊ မတ် ၁၅

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် ရန်ပုံငွေမလုံလောက်မှုကြောင့် မြန်မာနိုင်ငံသို့ထောက်ပံ့နေသည့် စားနပ်ရိက္ခာအထောက်အပံ့များ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

လာမည့်ဧပြီလမှစတင်ကာ မြန်မာနိုင်ငံရှိ လူဦးရေတစ်သန်းအတွက် စားနပ်ရိက္ခာအထောက်အပံ့များ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း၊ နိုင်ငံအတွင်းပဋိပက္ခများ၊ နေရပ်စွန့်ခွာရွှေ့ ပြောင်းမှုများနှင့် သွားရောက်ကူညီခွင့် ကန့်သတ်ချက်များ တိုးမြင့်လာခြင်းကြောင့် စားနပ်ရိက္ခာအကူအညီလိုအပ်ချက်များ ပိုမိုများပြားလာနေသည့်အချိန်တွင် ယခုကဲ့သို့ အ ထောက်အပံ့ရပ်ဆိုင်းမှု ဖြစ်လာရခြင်းဖြစ်ကြောင်း သိရသည်။

“ မြန်မာနိုင်ငံတစ်ဝန်း အခြေအနေတွေ ဆက်လက်ပြင်းထန်ဆိုးရွားနေတာကြောင့် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် ထပ်ဆောင်းရန်ပုံငွေတွေရှာဖွေကြဖို့ မိတ်ဖက်အားလုံးကို WFP က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ မြန်မာနိုင်ငံရဲ့အလိုအပ်ဆုံးသောအခြေအနေမှာ မြန်မာပြည်သူပြည်သားတွေကို မေ့မထားဘဲ၊ တတ်နိုင်သမျှ လူအများဆုံးကို ကယ်တင်နိုင်ဖို့ လိုအပ်တဲ့ရန်ပုံငွေတွေ ထောက်ပံ့ပေးကြရမှာဖြစ်ပါတယ်။” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michael Dunford က ပြောကြားသည်။

ထို့ပြင် ရန်ပုံငွေအသစ်မရရှိပါက WFP သည် ထိခိုက်လွယ်မှု အမြင့်မားဆုံးဖြစ်ကြသည့် အသက်ငါးနှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် မသန်စွမ်းသူများပါဝင်သော လူဦးရေ ၃၅,၀၀၀ ခန့်ကိုသာ ကူညီထောက်ပံ့ပေးသွားနိုင်တော့မည်ဖြစ်ကြောင်း၊ လာမည့်အထောက်အပံ့ရပ်ဆိုင်းမှုသည် စားနပ်ရိက္ခာရရှိရန် WFP ၏ အ ထောက်အပံ့ကိုသာ အားထားနေရသည့် ရိုဟင်ဂျာအသိုင်းအဝိုင်းများအပါအဝင် ရခိုင်ပြည်နယ်အလယ်ပိုင်းရှိ နေရပ်စွန့်ခွာသူဦးရေ တစ်သိန်းကိုပါ ထိခိုက်မည်ဖြစ်ကြောင်း သိရ သည်။

ယခုနှစ်တွင် မြန်မာပြည်သူပြည်သားများအတွက် အသက်ကယ်ဆယ်ရေး ရိက္ခာအထောက်အပံ့များ ဆက်လက်ပေးအပ်သွားနိုင်ရန် WFP သည် အမေရိကန်ဒေါ်လာ သန်း ၆၀ ကို အရေးတကြီးလိုအပ်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံ လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ်အရ လက်ရှိမြန်မာနိုင်ငံတွင် လူဦးရေ ၁၅ ဒဿမ ၂ သန်းခန့် သည် တစ်နေ့တာစားနပ်ရိက္ခာလိုအပ်ချက်ကို မပြည့်မီနိုင်သည့် အရေးကြုံနေရပြီး၊ ယခင်နှစ်ကရှိခဲ့သည့် လူဦးရေ ၁၃ ဒဿမ ၃ သန်းမှ တိုးမြင့်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် အခက်ခဲဆုံးရာသီချိန်ဖြစ်သည့် ဇူလိုင်လမှ စက်တင်ဘာလအတွက်တွေးမျှော်ကာ အရေးပေါ်အစီအစဥ်အနေဖြင့် ထိုလများတွင် စားနပ်ရိက္ခာပြတ်တောက်နိုင်မည့် လူဦးရေ ၃၀၀,၀၀၀ အား ပြန်လည်ပြီး အထောက်အပံ့များပေးအပ်သွားနိုင်ရန် ဦးစားပေးကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

#စုစု

ဓာတ်ပုံ – WFP Myanmar

#ယနေ့ခေတ်

မြန်မာနိုင်ငံသို့ စားနပ်ရိက္ခာအထောက်အပံ့များ WFP ရပ်ဆိုင်းမည် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်

    ပြန်စာထားခဲ့ပါ။

    သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

    This site uses Akismet to reduce spam. Learn how your comment data is processed.