ဘန်ကောက်၊ ဧပြီ ၇
ထိုင်းအာဏာပိုင်များသည် ပြီးခဲ့သောရက်ပိုင်းက ကန်ချာနာဘူရီပြည်နယ်ရှိ မတူညီသောနေရာနှစ်ခုတွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းနေသော မြန်မာ နိုင်ငံသား ၁၃၅ ဦးကို ဖမ်းမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထိုင်းရဲတပ်ဖွဲ့မှ ရဲမှူးကြီး Pattarachai Korsanan က ထိုင်းနိုင်ငံသားတစ်ဦး၏ သတင်းပေးမှုကြောင့် ဧပြီ ၅ ရက်၊ ညနေပိုင်းတွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသော မြန်မာနိုင်ငံသားများကို Highway 323 အမြန်လမ်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ပြောသည်။
ရဲတပ်ဖွဲ့သည် သတင်းကိုလက်ခံရရှိခဲ့ပြီးနောက် အမြန်လမ်းတစ်လျှောက်တွင် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ရာ အမျိုးသမီး ၁၀ ဦးအပါအဝင် မြန်မာနိုင်ငံသား ၅၈ ဦးကို စတင်ဖမ်းဆီးရမိခဲ့ကြောင်း ပြောသည်။
ကားမောင်းသမားကိုဖမ်းဆီးခဲ့ပြီး မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံသို့ တရားမဝင်ပို့ဆောင်ရန်ကြိုးပမ်းမှုဖြင့် စွဲချက်တင်မည်ဟု ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ထိုအပြင် Tha Khanun အမည်ရှိ တောထဲတွင်ပုန်းနေသည့် မြန်မာနိုင်ငံသားများရှိနေသည်ဆိုသောသတင်းကို လက်ခံရရှိခဲ့ပြီးနောက် ဖမ်းဆီးနိုင်ရန်ကြိုးပမ်းခဲ့ရာ ကလေးငယ် ၄ ဦးအပါအဝင် တောထဲတွင်ပုန်းနေသည့် မြန်မာနိုင်ငံသား ၇၇ ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရဲမှူးကြီး Pattarachai Korsanan က ပြောသည်။
အဆိုပါ ဖမ်းဆီးရမိသူများသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန်အတွက် ပွဲစားခအဖြစ် တစ်ဦးလျှင်ဘတ် ၂၀,၀၀၀ ပေးရပြီး တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်ရန်ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။
မြန်မာနိုင်ငံတွင် စစ်မှုထမ်းရန် ဆောင်ရွက်မှုများရှိလာခဲ့ပြီးနောက် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုအရှိန် မြင့်တက်လာခဲ့ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးရမိသူများကို စကားပြန်မှတဆင့်မေးမြန်းခဲ့ရာ မြန်မာနိုင်ငံတွင် တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ထိုင်းနိုင်ငံတွင်အလုပ်လုပ်ရန် လာရောက်ခြင်းဖြစ်ကြောင်း ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများက ဝန်ခံပြောဆိုထားသည်။
ကောင်းထက်ငွေ
bangkokpost.com
ဓာတ်ပုံ- ပုံဟောင်းဖြစ်ပါသည်။
မြန်မာနိုင်ငံသား ၁၃၅ ဦးကို ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခဲ့ဟု ထိုင်းရဲတပ်ဖွဲ့ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်