ရန်ကုန်၊ မတ် ၉
ဘေးကင်းလုံခြုံပြီး ကျား-မ တန်းတူညီမျှမှုရှိသော မြန်မာနိုင်ငံဖြစ်ပေါ်ရေးအတွက် အမျိုးသမီးနှင့် မိန်းကလေးငယ်များတွင် ပိုမိုရင်းနှီးမြှုပ်နှံရန် အချိန်ရောက်ပြီဖြစ်ကြောင်း ကုလ သမဂ္ဂက သတင်းထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံအနှံ့အပြားရှိ အမျိုးသမီးများသည် လူမှုဘဝကဏ္ဍပေါင်းစုံရှိ အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ အခွင့်အရေးများနှင့် ချမ်းသာသုခအတွက် ဆက်လက်ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်သည်။ စိန်ခေါ်မှု အခက်အခဲမျိုးစုံအကြား အမျိုးသမီးများနှင့် အမျိုးသမီးဦးဆောင်သည့် အဖွဲ့အစည်းများသည် ကျား-မ တန်းတူညီမျှမှုနှင့် ထိခိုက်လွယ်ပြီး ဖယ်ကြဉ်ခံထားရသူများအတွက် အသက်ကယ်ဆယ်ရေး ကူညီပံ့ပိုးမှုများ ဖြည့်ဆည်းပေးရာတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်နေကြောင်း ကုလသမဂ္ဂက ပြောသည်။
ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအပြင် အာဏာအငြင်းပွားမှုများနှင့် ဆိုင်ကလုန်းမိုခါကဲ့သို့ ပြင်းထန်ဆိုးရွားသည့် ရာသီဥတုဒဏ်များကြောင့် မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူ သားချင်းစာနာထောက်ထားမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း ကုလသမဂ္ဂက ပြောသည်။
မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၂၀၂၁ ခုနှစ်မှစ၍ နှစ်ဆမြင့်တက်ခဲ့ပြီး၊ လူပေါင်း ၁၃ သန်းခန့် စားနပ်ရိက္ခာဖူလုံမှုမရှိသလို လူပေါင်း ၂.၆ သန်းခန့်သည် ပြည်တွင်းနေရပ်စွန့်ခွာသူများ ဖြစ်ခဲ့သည်။
အမျိုးသမီးများ၊ မိန်းကလေးငယ်များ၊ မသန်စွမ်းသူများနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများသည် ဖယ်ကြဉ်ခံရဆုံးသောလူများထဲတွင် ပါဝင်သည်။ အကျပ်အတည်းများကြောင့် ကျား-မ ကွာဟမှုကို သက်ဆိုးရှည်စေပြီး၊ လူကုန်ကူးမှု၊ ကျား-မ အခြေပြုအကြမ်းဖက်မှု(GBV)နှင့် အရွယ်မတိုင်မီ အဓမ္မလက်ထပ်စေခိုင်းမှုခံရနိုင်ခြေ တိုးပွားလာခြင်းတို့ကြောင့် ၎င်းတို့ သည် ဆင်းရဲနွမ်းပါးမှုဒဏ်နှင့် ဘေးကင်းလုံခြုံမှုမရှိခြင်း စသည့်ဝန်ထုပ်ဝန်ပိုးများကို စုပြုံခံခဲ့ရကြောင်း ကုလသမဂ္ဂက ပြောသည်။
ကောင်းထက်ငွေ
myanmar.un.org
မြန်မာနိုင်ငံရှိ အမျိုးသမီးနှင့်မိန်းကလေးများအတွက် ပိုမိုရင်းနှီးမြှုပ်နှံရမည်ဟု ကုလသမဂ္ဂ ဆို အတွက် မှတ်ချက်များ 0 ခုရှိပါတယ်