ဝါရှင်တန်၊ နိုဝင်ဘာ ၁
အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့သည် မြန်မာနိုင်ငံရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းလုပ်ငန်းများကို အောက်တိုဘာ ၃၁ ရက်နေ့က ပစ်မှတ်ထားပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံပိုင် ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် လုပ်ငန်းအဖွဲ့စည်းသုံးခုနှင့် SAC အဖွဲ့နှင့် ဆက်နွယ်သူငါးဦးကို ပစ်မှတ်ထားပိတ်ဆို့မှုချ မှတ်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။
အမေရိကန်နိုင်ငံသားများအနေဖြင့် ဒီဇင်ဘာ ၁၅ ရက်နေ့မှစတင်ပြီး (MOGE) နှင့် ဘဏ္ဍာရေးဝန်ဆောင်မှုများ မလုပ်ဆောင်ရန် တားမြစ်ထားကြောင်း သိရသည်။
စည်းကမ်းချက်များကို လိုက်နာခြင်းမရှိသော အမေရိကန်နိုင်ငံသားများကို ပိုင်ဆိုင်မှု သိမ်းဆည်းခြင်း၊ ကုန်သွယ်မှုလုပ်ခွင့် ပိတ်ပင်ခြင်း၊ ဘဏ်စနစ်မှ ပိတ်ပင်ခြင်း စသည့်အရေးယူ မှုများ ထပ်မံလုပ်ဆောင်သွားဖွယ်ရှိနေကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဆိုသည်။
ထိုအပြင် ဗြိတိန်နိုင်ငံနှင့် ကနေဒါနိုင်ငံတို့ကလည်း နစကနှင့်ဆက်နွယ်သော အဖွဲ့စည်းများ၊ လူပုဂ္ဂိုလ်များကို ပစ်မှတ်ထားပိတ်ဆို့မှုများ ထပ်မံချမှတ်ခဲ့ရာ ဗြိတိန်အစိုးရက လူပုဂ္ဂိုလ် ငါးဦး၊ အဖွဲ့စည်းတစ်ခုတို့ကို ပစ်မှတ်ထားပိတ်ဆို့မှု ချမှတ်ခဲ့ကြောင်း သိရသည်။
ထိုအပြင် ကနေဒါအစိုးရသည် နစကကို ကူညီထောက်ပံ့ပေးမှုများအတွက် လူပုဂ္ဂိုလ် ၃၉ ဦးနှင့် အဖွဲ့စည်းကုမ္မဏီ၊ ၂၂ ခုကို ပစ်မှတ်ထား ပိတ်ဆို့မှုထပ်မံချမှတ်ခဲ့ကြောင်း သိရသည်။
အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ဥရောပသမဂ္ဂတို့သည် ၂၀၂၁ ခုနှစ် နောက်ပိုင်းကတည်းက မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထားပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း သိရသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က “ မြန်မာနိုင်ငံမှာ လူအခွင့်အရေးအခြေနေများ ဆိုးရွားမှု၊ လူသားချင်းဆိုင်ရာ စာနာမှုအကူညီပေးမှုအခြေနေများ၊ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းနိုင်အောင် အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ နိုင်ငံတကာအဖွဲ့စည်းတွေကို တိုက်တွန်း တောင်းဆိုပါတယ်။” ဟု ပြောသည်။
ကောင်ထက်ငွေ
မြန်မာနိုင်ငံရှိ လူပုဂ္ဂိုလ်၊ အဖွဲ့စည်းများကို အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့ ပိတ်ဆို့မှုများ ထပ်မံချမှတ် အတွက် မှတ်ချက်များ 0 ခုရှိပါတယ်